မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့ဖွယ် ရှိ

မြောက်ကိုရီးယားဟာ အင်္ဂါနေ့ အစောပိုင်းက ဂျပန်ပင်လယ်ထဲ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပုံရတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

အဲဒီလို ပစ်လွှတ်ပြီးနောက် သိပ်မကြာခင် မြောက်ကိုရီးယား သံတမန်တစ်ဦးက ကုလသမဂ္ဂမှာ စကားပြောဆိုခဲ့ပြီး မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့ မူဝါဒကို ဖျက်သိမ်းဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ တာတိုပဲ့ထိန်းဒုံးကျည်တစ်စင်းကို နိုင်ငံ့မြောက်ဘက်ပိုင်းကနေ အရှေ့ဘက် ကမ်းရိုးတမ်းကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ယုံကြည်ကြောင်း ပြောပါတယ်။ တောင်ကိုရီးယားစစ်တပ်ဟာ အမေရိကန်စစ်တပ်နဲ့အတူ သတင်းအချက်အလက်တွေကို စုစည်းပြီး သုံးသပ်လေ့လာနေတယ်လို့ ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က "ဂျပန်အစိုးရက အထူးသတိထားနေပြီး အနေအထားတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ အဲဒီဒုံးကျည်ကို ဘယ်လို ပစ်လွှတ်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ သုံးသပ်လေ့လာနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
သံသယဖြစ်ဖွယ် အဲဒီပဲ့ထိန်းဒုံးကျည်ဟာ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန်ထဲ ကျခဲ့ဖွယ် မရှိဘူးလို့ ဂျပန်အစိုးရအရာရှိတွေက ပြောပါတယ်။
စက်တင်ဘာလ အစောပိုင်းမှာ မြောက်ကိုရီးယားက အသစ် တီထွင်ထားတဲ့ တာဝေးပစ် ခရုစ်ဒုံးကျည်တွေကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
၃ ရက်ကြာပြီးနောက် မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ထဲ တာတိုပဲ့ထိန်းဒုံးကျည်တွေကိုလည်း ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီဒုံးကျည်တွေဟာ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန်ထဲ ကျရောက်ခဲ့ဖွယ် ရှိပါတယ်။
အင်္ဂါနေ့က ဒုံးကျည်ပစ်လွှတ်မှုဟာ မြောက်ကိုရီးယားက လွှတ်တော်အစည်းအဝေးတစ်ခု ကျင်းပမယ်လို့ မျှော်လင့်ရတဲ့ နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအစည်းအဝေးဟာ ဇန်နဝါရီလ နောက်ပိုင်းမှာ အမြင့်ဆုံး ပြည်သူ့လွှတ်တော်ရဲ့ ပထမဆုံး အစည်းအဝေးဖြစ်လာမှာပါ။