ရောဂါမပြင်းထန်တဲ့ COVID လူနာတွေအတွက် ဒုတိယမြောက် ဆေးဝါးကို ဂျပန် အတည်ပြု

ရောဂါမပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာတွေအတွက် နောက်ထပ် ကုသဆေးတစ်မျိုးကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။

ဒါဟာ ပေါင်းစပ်ပဋိပစ္စည်းကုထုံးပြီးနောက် အဲဒီလို လူနာတွေအတွက် ဂျပန်က အတည်ပြုခဲ့တဲ့ ဒုတိယမြောက် ကုသဆေး ဖြစ်လာမှာပါ။ ဗြိတိန် ဆေးဝါးကုမ္ပဏီကြီး GlaxoSmithKline က ထုတ်လုပ်ခဲ့တဲ့ sotrovimab ဆေးဝါးကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့ ညနေမှာ အတည်ပြုခဲ့ပါတယ်။ အဲဒီနေ့ အစောပိုင်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပေးအဖွဲ့တစ်ဖွဲ့က အဲဒီဆေးဝါးနဲ့ပတ်သက်တဲ့ ထိရောက်မှုနဲ့ ဘေးကင်းလုံခြုံမှုတွေကို အကဲဖြတ်ပြီး အသိအမှတ်ပြုခဲ့ပါတယ်။
Sotrovimab ဟာ ကိုရိုနာဗိုင်းရပ်စ်ကို အားပျော့အောင် လုပ်ပြီး အစွမ်းမဲ့စေတဲ့ ပဋိပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ အဲဒီဆေးကို သွေးကြောကနေ သွင်းရတာ ဖြစ်ပါတယ်။
အောက်ဆီဂျင် မလိုအပ်ပေမယ့် ရောဂါပြင်းထန်တဲ့အဆင့် ရောက်သွားနိုင်တဲ့ အန္တရာယ်ရှိတဲ့ ရောဂါလက္ခဏာ အနည်းငယ်ကနေ အသင့်အတင့်အထိ ပြသနေတဲ့ လူနာတွေဟာ အဲဒီဆေးကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အဲဒီဆေးဟာ ဆေးရုံတင်ရနိုင်တဲ့ အန္တရာယ် ဒါမှမဟုတ် သေဆုံးမှုကို ၇၉ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ နိုင်ငံခြားမှာပြုလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်မှုတွေက ပြသနေပါတယ်။ မေလတုန်းက အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) က အဲဒီဆေးကို အရေးပေါ်အနေအထားမှာ အသုံးပြုဖို့အတွက် ခွင့်ပြုခဲ့ပါတယ်။