ဆူမိုနပန်းသမား Yokozuna Hakuho ဆူမိုအားကစား ကနေ အနားယူချင်

ဆူမိုနပန်းသမား ချန်ပီယံ Yokozuna Hakuho ဟာ ဆူမိုအားကစားကနေ အနားယူလိုတယ်လို့ သတင်းအရင်းအမြစ်တွေက NHK ကို ပြောပါတယ်။

ဆူမိုအဖွဲ့ချုပ်သတင်းအရင်းအမြစ်က အဲဒါနဲ့ပတ်သက်ပြီး တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ ညာဘက်ဒူးဒဏ်ရာလိုမျိုး ဒဏ်ရာတွေကြောင့် ဆူမိုနပန်းချန်ပီယံပွဲကြီးရဲ့ ၁၅ရက်လုံး ပါဝင်ယှဉ်ပြိုင်သွားနိုင်မှာ မဟုတ်ဘူးလို့ Hakuho က ဆုံးဖြတ်ခဲ့တာ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ဆူမိုနပန်းချန်ပီယံပွဲကြီး မှာ Hakuho ဟာ ပွဲစဉ်တွေဆက်တိုက် မယှဉ်ပြိုင်နိုင်ဘဲ ဘေးထွက်ထိုင်နေရတဲ့အတွက် ပွဲပြီးတဲ့နောက် Yokozuna အကဲဖြတ်ရေးကောင်စီရဲ့သတိပေးတာ ခံခဲ့ရပါတယ်။ သူဟာ ညာဘက်ဒူး ခွဲစိတ်ခံထားရတဲ့ဒဏ် ခံစားနေရတာဖြစ်ပါတယ်။
အခုနှစ် မတ်လက ကျင်းပခဲ့တဲ့ ဆူမိုနပန်းချန်ပီယံပွဲစဉ်ရဲ့ တတိယမြောက်နေ့မှာ Hakuho ဟာ ညာဘက်ဒူးဒဏ်ရာ ကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရပြီး ပြိုင်ပွဲကာလအတွင်းမှာပင် ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ဒါဟာ ၆ကြိမ်ဆက်တိုက် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
Hakuho ဟာ ဇူလိုင်လက ကျင်းပခဲ့တဲ့ ဆူမိုနပန်းပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး Yokozuna အဆင့်ရှိတဲ့ ဆူမိုနပန်းသမား တစ်ယောက် အဖြစ်ဆက်ရှိနိုင်မယ့် လမ်းကြောင်းပေါ် ရောက်ရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ သူ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ၄၅ကြိမ်မြောက် ရရှိခဲ့ပါတယ်။
အဲဒီပြိုင်ပွဲပြီးတဲ့နောက် Hakuho က သူ့ရဲ့ ကိုယ်ခန္ဓာကြံခိုင်မှု အခြေအနေမကောင်းမွန်တာကြောင့် ဆူမိုနပန်းသမားအဖြစ် အသက်မွေးဖို့နဲ့ပတ်သက်ပြီး အသေအချာစဉ်းစားသွားရမယ်လို့ NHK ကို ပြောခဲ့ပါတယ်။
အသက် ၃၆ နှစ်ရှိပြီ ဖြစ်တဲ့ Hakuho ဟာ မွန်ဂိုးလီးယားမှာ မွေးဖွားခဲ့တဲ့ ဆူမို နပန်းသမားတစ်ဦး ဖြစ်ပါတယ်။ သူဟာ အသက် ၁၅ နှစ်မှာ Miyagino ဆူမိုနပန်း သင်တန်းကျောင်းကို ရောက်လာခဲ့ပါတယ်။