LDP ဥက္ကဋ္ဌမဲဆန္ဒပေးပွဲရဲ့ ပထမအကြိမ်မှာ ဘယ်ကိုယ်စားလှယ်လောင်းမှ မဲအများစုရဖို့ မမျှော်မှန်းနိုင်

ဂျပန့် အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အနိုင်ရရှိသူဟာ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ် Suga Yoshihide ရဲ့နေရာကို ဆက်ခံရမှာဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်း ၄ ဦးတို့ဟာ တနင်္ဂနွေနေ့မှာ ၄ ရက်ကြာ အွန်လိုင်းစကားစစ်ထိုးပွဲကို အဆုံးသတ်ခဲ့ပါတယ်။ NHK ရဲ့ သုံးသပ်ချက်အရ ပထမအကျော့မဲပေးပွဲမှာတော့ ဘယ်သူကမှ မဲအများစုအနိုင်ရဖို့ လမ်းစမရှိဘူးဆိုတာ ပြသနေပါတယ်။
စုစုပေါင်းမဲအရေအတွက်က ၇၆၄ မဲ ရှိပါတယ်။ အဲဒီ ပမာဏရဲ့ တစ်ဝက်က LDP လွှတ်တော်အမတ်တွေရဲ့ မဲဖြစ်ပြီး ကျန်တဲ့တစ်ဝက်ကတော့ အောက်ခြေပါတီဝင်တွေရဲ့ မဲတွေဖြစ်ပါတယ်။
လွှတ်တော်အမတ်တွေက LDP မူဝါဒရေးရာ သုတေသနကောင်စီ ဥက္ကဋ္ဌဟောင်း Kishida Fumio ကို ထောက်ခံပုံရပါတယ်။ ၃၀ ရာခိုင်နှုန်းလောက်က သူ့ကို မဲဆန္ဒပေးလိမ့်မယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အုပ်ချုပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းပြုပြင်ပြောင်းလဲရေး ဝန်ကြီး Kono Taro ကတော့ ၂၅ ရာခိုင်နှုန်းလောက် မဲရဖွယ်ရှိပါတယ်။
ပြည်ထဲရေးနဲ့ဆက်သွယ်ရေး၀န်ကြီးဟောင်း Takaichi Sanae က ၂၀ ရာခိုင်နှုန်းလောက် မဲရဖွယ်ရှိပါတယ်။
LDPရဲ့ ယာယီအထွေထွေအတွင်းရေးမှူး Noda Seiko ကိုတော့ လွှတ်တော်အမတ် ၂၀ လောက်က ထောက်ခံကြပါတယ်။
LDP ကလွှတ်တော်အမတ်တချို့ကတော့ ကြားနေနှုတ်ဆိတ်နေဆဲဖြစ်ပြီး ၁၀ ရာခိုင်နှုန်းကျော်က သူတို့ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း မပြသေးပါဘူး။
မစ္စတာ Kono ဟာ ရိုးရိုးပါတီဝင်တွေနဲ့ ထောက်ခံသူတွေ ဆီကနေ မဲအများဆုံးရလိမ့်မယ်လို့ မျှော်လင့်ရပြီး အဲဒီနောက်မှာ မစ္စတာ Kishida နဲ့ မီးစ် Takaichi တို့ရှိနေပါတယ်။ မစ္စတာ Kono နဲ့ မစ္စတာ Kishida တို့ဟာ မဲအများဆုံးနဲ့ ဦးဆောင်နေပြီး မီးစ် Takaichi က နောက်ကနေ အမီလိုက်နေပါတယ်။
ပထမအကျော့မဲပေးပွဲမှာ ကိုယ်စားလှယ်လောင်းတစ်ဦးမှ မဲအများစုမရခဲ့ရင် ထိပ်ဆုံးမှာရှိနေတဲ့ နှစ်ဦးက နောက်တစ်ကြော့ မဲပေးပွဲမှာ ဆက်ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။