ကုလအထွေထွေညီလာခံတွင် မြန်မာသံအမတ်ဦးကျော်မိုးထွန်း စကားပြောမည်မဟုတ်

စစ်တပ်ကို အာဏာဖီဆန်ပြီး ရာထူးမှာဆက်လက်နေနေတဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ် ဦးကျော်မိုးထွန်းက အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှာမဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

သံအမတ်ဦးကျော်မိုးထွန်းက မြန်မာမီဒီယာတစ်ခုဖြစ်တဲ့ မဇ္စျိမ သတင်းဌာနကိုပြောဆိုရာမှာ ရေရှည်ဆက်လက်လုပ်ဆောင်နိုင်ဖို့ အနေအထားအမျိုးမျိုးကို ပြည့်ပြည့်စုံစုံဆွေးနွေးမှုတွေလုပ်ခဲ့ပြီး တဲ့နောက် စက်တင်ဘာ ၂၇ ရက်မှာ သူမိန့်ခွန်းပြောဖို့အစီအစဉ် ဟာ မဖြစ်မနေမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဦးကျော်မိုးထွန်းကို ဖေဖေါ်ဝါရီလမှာ စစ်တပ်ကအာဏာ မသိမ်းခင် ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ အစိုးရက ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။ သူဟာ အဲဒီရာထူးမှာ ဆက်လက်နေနေပြီး အာဏာသိမ်းစစ်အုပ်စုကို ဆက်လက်ကန့်ကွက်နေခဲ့ပါတယ်။ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရက ဦးကျော်မိုးထွန်းနေရာမှာ အစားထိုးခန့်ထားမယ့် သံအမတ်သစ်ကို လျာထားတယ်လို့ ကုလသမဂ္ဂထံ အသိပေးအကြောင်းကြားထားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့ပါဝင်တဲ့ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုဆိုင်ရာကော်မတီက မြန်မာနိုင်ငံကို ကိုယ်စားပြုသူဟာ ဘယ်သူဖြစ်သလဲဆိုတာဆွေးနွေးမှာဖြစ်ပြီး အထွေထွေညီလာခံက အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မှာဖြစ်ပါတယ်။
အမေရိကန်က Foreign Policy မဂ္ဂဇင်းက အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့ဟာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုသူနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ချမှတ်ရေးကို ဆိုင်းငံ့ထားဖို့ နဲ့ လက်ရှိကိုယ်စားလှယ်ကို ရာထူးမှာ ဆက်လက်ထားရှိထားဖို့ နောက်ကွယ်မှာသဘောတူညီချက် ရခဲ့တယ်ဆိုတာကို ရေးသားဖော်ပြထားပါတယ်။
အဲဒီသဘောတူညီချက်ထဲမှာ လတ်တလောကျင်းပနေတဲ့ အထွေထွေညီလာခံမှာ ဦးကျော်မိုးထွန်း မိန့်ခွန်းမပြောဖို့ ဆိုတာလည်းပါဝင်ပါတယ်။
အဲဒီသဘောတူညီချက်ဟာ အထွေထွေညီလာခံမှာမိန့်ခွန်း ပြောပြီး အာဏာသိမ်းမှုကို နိုင်ငံအသိုက်အဝန်းက အသိအမှတ်ပြုဖို့လာစေဖို့ကြိုးပမ်းချက်ကို ထိထိရောက်ရောက် ပိတ်ပင်တားဆီးရာရောက်မှာဖြစ်တဲ့အတွက် မြန်မာစစ်တပ်အုပ်ချုပ်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်လိမ့်မယ်လို့ တွက်ဆရပါတယ်။