ဆေးရုံကုတင်တွေလုံလောက်အောင်လုပ်ဖို့ ခရိုင်အုပ်ချုပ်ရေး အဖွဲ့တွေကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနတိုက်တွန်းမည်

COVID-19 လူနာတွေအတွက် ဆေးရုံကုတင်တွေ လုံလောက်အောင်နဲ့ တခြားဆောင်ရွက်ချက်တွေကိုလုပ်ဆောင်ဖို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေကို တိုက်တွန်းတဲ့ညွှန်ကြားချက်ကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနဟာ အစောဆုံး အခုသီတင်းပတ်အတွင်းမှာ ထုတ်ပြန်ဖို့စီစဉ်ထားပါတယ်။

နောက်ထပ်လာမယ့်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုလှိုင်း အတွက်ပြင်ဆင်ဖို့ အဲဒီညွှန်ကြားချက်က ရည်ရွယ်ပါတယ်။
လက်ရှိပဉ္စမလှိုင်းအတွင်းတစ်ချိန်မှာ ဖျားနာမှုကိုတိုက်ဖျက်ဖို့ ဂျပန်တစ်နိုင်ငံလုံးအနှံ့မှာ နေအိမ်မှာသီးသန့်ခွဲနေခဲ့ရတဲ့သူ တစ်သိန်းသုံးသောင်းကျော် ရှိခဲ့ပါတယ်။ တောင်ဘက်က ခရိုင် အိုကီနာဝါမှာသာမက တိုကျိုအတွင်းနဲ့ ပတ်ဝန်းကျင်မှာ ဆေးရုံကုတင်တွေ မလုံမလောက်ဖြစ်ခဲ့ပါတယ်။
အနာဂတ်မှာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် လိုအပ်တဲ့ဆေးရုံကုတင်အရေအတွက်ကို အမြန်မြှင့်တင်ဖို့ ခက်လိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနအရာရှိတွေက တွေးထင်ကြပါတယ်။
မတ်လအတွင်းကပြုလုပ်ခဲ့တဲ့တောင်းဆိုချက်နဲ့အညီ နိုင်ငံတွင်းမှာ ကုတင် ၄၈၀၀ ကျော်အထိ အရေအတွက်ကို မြှင့်တင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဆေးရုံတက်ကုသခံဖို့ မဖြစ်နိုင်တဲ့ကူးစက်ခံရသူတွေအတွက် ယာယီဆေးကုသခံယူရေးနေရာတွေကိုထူထောင်ဖို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေကို တောင်းဆိုမှာဖြစ်တယ်လို့ အဲဒီအရာရှိတွေက ပြောပါတယ်။
ရုတ်တရက်အခြေအနေတွေပြောင်းလဲမှုတွေကိုတုံ့ပြန်နိုင်ဖို့ နေအိမ်တွေမှာကိုယ်တိုင်သီးသန့်နေနေရတဲ့သူတွေကို ပိုပြီး အနီးကပ်စောင့်ကြည့်နိုင်ဖို့ကိုလည်းတိုက်တွန်းဖို့ အရာရှိတွေက စီစဉ်ထားပါတယ်။
အလုပ်တွေကို ရက်အကန့်အသတ်နဲ့ပဲ ဒါမှမဟုတ် အချိန်အကန့်အသတ်နဲ့ပဲလုပ်နိုင်တဲ့ သူနာပြုတွေဆီကနေ အကူအညီတောင်းခံဖို့ အဲဒီအရာရှိတွေက ခရိုင်အုပ်ချုပ်ရေးအဖွဲ့ တွေကို တိုက်တွန်းမှာဖြစ်ပြီး အဲဒါမှပဲ အဲဒီသူနာပြုတွေကို ဆေးရုံဆေးခန်းတွေဆီ အချိန်အတိုင်းအတာတစ်ခုအထိ စေလွှတ်နိုင်မှာဖြစ်ပါတယ်။