ဖူဂျီတောင်တက်သူအရေအတွက် အနည်းဆုံးဖြစ်ခဲ့

အခုနှစ် နွေရာသီတောင်တက်ကာလမှာ ဂျပန်ရဲ့ အမြင့်ဆုံး ဖူဂျီတောင်ကို တက်ခဲ့သူ အရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်၄၀ အတွင်း အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

အခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၀ ရက်နေ့အတွင်း လူ ၆၅,၅၁၉ ဦးဟာ Yamanashi ခရိုင်ကနေ အစပြုတဲ့ တောင်တက်လမ်းကနေ ဖူဂျီတောင်ကို တက်ရောက်ခဲ့ပါတယ်။
အဲဒီအရေအတွက်ဟာ အစောဆုံးဖြစ်တဲ့ မှတ်တမ်းတင် အချက်အလက်တွေရှိတဲ့ ၁၉၈၁ခုနှစ်ကစပြီး အခုနှစ်အထိ ကာလအတွင်း အနည်းဆုံးဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂နှစ်ကထက် တောင်တက်သူဦးရေ ၁၂၀,၂၈၈ ဦး လျော့နည်းခဲ့ပါတယ်။
မနှစ်ကတော့ ကိုဗစ်ကပ်ရောဂါကြောင့် တောင်တက်ခွင့် မပြုခဲ့ပါဘူး။
တောက်တက်သူအရေအတွက်ကို Fujiyoshida မြို့ တာဝန်ရှိသူတွေက တောင်တက်လမ်းရဲ့ စခန်းအမှတ် (၆) မှာ စာရင်းကောက်ယူ ရေတွက်ပါတယ်။
အသုံးပြုနိုင်တဲ့လမ်းတွေကို ကန့်သတ်မှု၊ တောင်ပေါ်စခန်းတွေမှာ တည်းခိုသူလက်ခံနိုင်တဲ့ ပမာဏ နည်းပါးမှုတွေကြောင့် အခုလိုတောင်တက်သူ လျော့ကျခဲ့တာဖြစ်တယ်လို့ မြို့အာဏာပိုင်တွေက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ဆက်ရှိနေပေမဲ့ အခုနှစ်နွေရာသီမှာ တောင်တက်မှုဖွင့်လှစ်နိုင်ခဲ့တာအတွက် ပူးပေါင်းကူညီသူအားလုံးကို ကျေးဇူးတင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ လာမည့်နှစ်မှာ တောင်တက်သူ ပိုများလာမယ်လို့ မျှော်လင့်ထားကြောင်းလည်း သူတို့က ဆိုပါတယ်။
ဖူဂျီတောင်ပေါ်ကို Shizuoka ခရိုင်ဘက်ကနေတက်တဲ့ တခြားလမ်းကြောင်းတွေလည်း ရှိပါတယ်။