ရာဇဝတ်သားတွေကို သတိပေးတာလို့ဆိုပြီး လူသေအလောင်းတွေကို တာလီဘန် ချိတ်ဆွဲပြသ

အာဖဂန်နစ္စတန်မှာ ပြန်ပေးသမားလို့ သံသယရှိသူတွေရဲ့ ရုပ်အလောင်းတွေကို သတိပေးတဲ့အနေနဲ့လို့ဆိုပြီး လူမြင်ကွင်းမှာ တာလီဘန်တွေက ချိတ်ဆွဲပြသခဲ့ပါတယ်။

ဒေသခံသတင်းဌာနတွေအပါအဝင် မီဒီယာတွေရဲ့ သတင်းပေးပို့ချက်တွေအရ အဲဒီ လူ ၄ ယောက်ဟာ အာဖဂန်နစ္စတန် အနောက်ပိုင်းက Herat မြို့မှာ အမျိုးသားတစ်ဦးနဲ့ မိသားစုကို ပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပြီး၊ တာလီဘန် တိုက်ခိုက်ရေးသမားတွေနဲ့အကြား အပြန်အလှန် ပစ်ခတ်မှုအတွင်းမှာ သေဆုံးခဲ့ကြောင်းသိရပါတယ်။
စနေနေ့မှာ အဲဒီ ရုပ်အလောင်း ၄ ခုကို မြို့လယ်က လမ်းဆုံလမ်းခွ ရင်ပြင်တစ်ခုဆီ ယူဆောင်လာပြီး ဝန်ချီစက်နဲ့ ချိတ်ဆွဲပြသထားခဲ့ပါတယ်။
ဒါဟာ ရာဇဝတ်သား အားလုံးကို သတိပေးလိုက်တာဖြစ်တယ်လို့ တာလီဘန်ရဲ့ ဒေသဆိုင်ရာ တပ်မှူးတစ်ဦးက ပြောခဲ့ပါတယ်။
အရင်က တာလီဘန်တွေ အုပ်ချုပ်ခဲ့စဉ်ကာလကလည်း အစ္စလာမ်ဘာသာရဲ့ သွန်သင်ချက်တွေကို အလွန်အကျွံအစွန်းရောက်တဲ့နည်းနဲ့ ကျင့်သုံးပြီး လူအများရှေ့မှာ သေဒဏ်ပေးကွပ်မျက်တာ၊ ခြေလက်ဖြတ်တောက်တာတွေကို လုပ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးလေ့ရှိခဲ့ပါတယ်။
အခုတစ်ကြိမ် ဩဂုတ်လမှာ အာဏာပြန်ရပြီးတဲ့နောက် တာလီဘန် အိမ်စောင့်အစိုးရက သူတို့အနေနဲ့ အစ္စလာမစ်သွန်သင်မှုတွေရဲ့ကန့်သတ်မှု ဘောင်အတွင်း လူ့အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့ အုပ်ချုပ်မှုကို လုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း အခုလို လူမြင်ကွင်းမှာ ရုပ်အလောင်းတွေကို ပြသတဲ့ လုပ်ရပ်အပေါ် ပြည်တွင်းမှာရော ပြည်ပမှာပါ စိုးရိမ်မှုတွေ မြင့်တက်လာနိုင်ပါတယ်။