Huawei ရဲ့ ဘဏ္ဍာရေး အကြီးအကဲနဲ့ ကနေဒါနိုင်ငံသားတွေ အသီးသီး မိခင်နိုင်ငံတွေကို ပြန်ရောက်

ကနေဒါနိုင်ငံမှာ ၃ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ Huawei Technologies ရဲ့ အကြီးတန်း အမှုဆောင်တစ်ဦး တရုတ်နိုင်ငံကို ပြန်ရောက်သွားပြီဖြစ်ပါတယ်။

တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး Huawei ရဲ့ ဘဏ္ဍာရေး အရာရှိချုပ် Meng Wanzhou ဟာ စနေနေ့ ညက Shenzhen လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ သူနဲ့ အမေရိကန်အာဏာပိုင် တွေအကြား အပေးအယူနဲ့ပတ်သက်တဲ့ သဘောတူညီမှု တစ်ခုရရှိပြီးတဲ့နောက် ကနေဒါကနေ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။
မီးစ် Meng ဟာ အီရန်အပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ခဲ့တယ်လို့ဆိုပြီး အမေရိကန်အစိုးရရဲ့ တောင်းဆိုချက် အရ ၂၀၁၈ ခုနှစ်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။နောက်ပိုင်းမှာ သူဟာ လိမ်လည်မှု၊ တခြားစွပ်စွဲချက်တွေနဲ့ တရားစွဲခံခဲ့ရပါတယ်။
အနီရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မီးစ် Meng ဟာ လေယာဉ်ပေါ်က ဆင်းလာပြီးတဲ့နောက် ပန်းစည်းကိုလက်ခံရယူပြီး "နောက်ဆုံးတော့ အိမ်ပြန်ရောက်ခဲ့ပြီ" လို့ ပြောကြားလိုက်ပါတယ်။
တရုတ်မီဒီယာတွေမှာတော့ သူပြန်ရောက်လာတဲ့အကြောင်းကို တိုက်ရိုက် သတင်းထုတ်လွှင့်မှုတွေလုပ်ပြီး အကျယ်တဝင့်ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖိနှိပ်မှုကနေ သူလွတ်မြောက်လာခဲ့ပြီလို့ တရုတ်မီဒီယာတွေမှာ ရေးသားခဲ့ပါတယ်။
မီးစ် Meng အထိန်းသိမ်းခံရပြီး မကြာခင် တရုတ်မှာအဖမ်းခံခဲ့ရတဲ့ ကနေဒါ နိုင်ငံသား ၂ ဦးဟာလည်း စနေနေ့က ကနေဒါအနောက်ပိုင်း Calgary မြို့ကို ပြန်ရောက်လာပါတယ်။ အဲဒီလူ ၂ ဦးဖြစ်ကြတဲ့ Michael Spavor နဲ့ Michael Kovrig တို့ကို ကနေဒါဝန်ကြီးချုပ် Justin Trudeau က လေဆိပ်မှာ ကြိုဆို နှုတ်ဆက်ခဲ့ပါတယ်။