ထိပ်သီးဆွေးနွေးပွဲ ရလဒ်တွေကို Quad ခေါင်းဆောင်တွေ ထုတ်ပြန်ကြေညာ

ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျနဲ့ အိန္ဒိယတို့က ခေါင်းဆောင်တွေဟာ Quad လို့ခေါ်တဲ့ လေးနိုင်ငံမဟာမိတ်အဖွဲ့ရဲ့ လူကိုယ်တိုင်တွေ့ဆုံကြတဲ့ ပထမဦးဆုံး ထိပ်သီးဆွေးနွေးပွဲက ရလဒ်တွေနဲ့ပတ်သက်တဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။

သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေညာချက်မှာ ခေါင်းဆောင်တွေဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် သူတို့ရဲ့ သံန္နိဋ္ဌာန်တွေကို ထပ်လောင်း ဖော်ပြခဲ့ကြပါတယ်။ နိုင်ငံတကာ ဥပဒေတွေကို အရင်းခံထားရင်း အကျပ်ကိုင်တာတွေကို မမှုဘဲ လွတ်လပ်ပွင့်လင်းပြီး စည်းမျည်းစည်းကမ်းတွေကို အခြေခံတဲ့ ဒေသကို ဖော်ဆောင်သွားဖို့ သူတို့က ကတိပြုခဲ့ပါတယ်။
ဒါဟာ တရုတ်ကို ဦးတည်ချက်ထားတာလို့ ယူဆရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး COVAX မူဘောင်ကတစ်ဆင့် ငွေကြေးထောက်ပံ့ခဲ့တာတွေအပြင် သူတို့နိုင်ငံတွေအနေနဲ့ တစ်ကမ္ဘာလုံးအတွက် ဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေး အကြိမ် ၁.၂ ဘီလီယံစာ လှူဒါန်းမှာဖြစ်ပြီး ကာကွယ်ဆေး ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ရေးကို လုပ်ဆောင်သွားမယ်လို့ ခေါင်းဆောင်တွေက ကတိပေးခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ရေးနဲ့ပတ်သက်ပြီး ၂၀၅၀ ပြည့်နှစ် နောက်ဆုံးထားပြီး လက်တွေ့အားဖြင့် တစ်ကမ္ဘာလုံးမှာ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ သုံးစွဲမှု ဘဲစားဘဲခြေဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက် အောင်မြင်ရေးကိုဦးတည်ပြီး ဟိုက်ဒရိုဂျင်နဲ့ တခြား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိတဲ့ စွမ်းအင်နည်းပညာတွေကို လှုံ့ဆော်အားပေးဖို့ ခေါင်းဆောင်တွေက ကတိပြုခဲ့ပါတယ်။
လေးနိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအကြား ဆွေးနွေးမှုတွေကို နှစ်စဉ် ကျင်းပသွားမှာဖြစ်ပြီး အကြီးတန်း အရာရှိတွေလည်း ပုံမှန်တွေ့ဆုံကြမှာဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။