COVID ကာကွယ်ဆေး အားဖြည့်ထိုးနှံမှု ဂျပန်မှာ လိုအပ်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူ ဆို

ဂျပန်နိုင်ငံမှာ အသက်အရွယ်ကြီးရင့်သူတွေအကြား COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးနောက် ကူးစက်ခံရပြီး ဆေးရုံတက်ရသူတွေ တိုးလာနိုင်ဖွယ်ရှိတာကြောင့် ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးဖို့ လိုအပ်ဖွယ်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်သူများ အကြံပေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

လူအများအပြား ကာကွယ်ဆေးထိုးပြီးတဲ့ ဗြိတိန်လို နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ဆေးရုံတက်ရတဲ့ အသက် ၇၅ နှစ်နဲ့အထက်တွေ အရေအတွက် တိုးလာနေတယ်လို့ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး နိုင်ငံတကာ တက္ကသိုလ်ရဲ့ ပါမောက္ခ Wada Koji က ပြောပါတယ်။
အဲဒီလို ဖြစ်လာတာဟာ စောင့်ရှောက်ရေးဂေဟာတွေမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေကို လျှော့ချခဲ့တာလိုမျိုး အကြောင်းရင်း အမျိုးမျိုး ရှိနိုင်တယ်လို့ ပါမောက္ခ Wada က ဆိုပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အမျှ ကာကွယ်ဆေးရဲ့အာနိသင် လျော့နည်းလာတာဟာလည်း တခြားအကြောင်းရင်းတစ်ခု ဖြစ်နိုင်ခြေရှိတယ်လို့ သူက ပြောပါတယ်။ ဂျပန်နိုင်ငံမှာလည်း အလားတူ အနေအထားနဲ့ ကြုံတွေ့ရဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။
ရောဂါပြင်းထန်နိုင်တဲ့ အန္တရာယ်မြင့်မားသူတွေ၊ အသက် ၆၅ နှစ်နဲ့ အထက်တွေ၊ ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာ ဝန်ထမ်းတွေကို ဦးစားပေးသင့်တယ်လို့ သူကဆိုပါတယ်။
နိုင်ငံရပ်ခြားက လေ့လာတွေ့ရှိမှုတွေကို အကြောင်းပြုပြီး တချို့နိုင်ငံတွေမှာ အကြမ်းအားဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် ၈ လ အကြာမှာ အားဖြည့်ထိုးနှံမှုတွေကို လုပ်ဆောင်လာခဲ့ကြတယ်လို့ ပါမောက္ခ Wada က ဆိုပါတယ်။ အဲဒီပုံစံကို အခြေခံမယ်ဆိုရင် အခုနှစ် ဧပြီလအထိအတောအတွင်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခဲ့တဲ့ ဂျပန်က ကျန်းမာရေးဝန်ထမ်း အများအပြားဟာ ဒီဇင်ဘာလအတွင်း ဒါမှမဟုတ် အဲဒီနောက်မှာ အားဖြည့်ထိုးနှံမှုလုပ်ဆောင်ဖို့ လိုအပ်လာဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။