အရေးပေါ်အခြေအနေကြေညာချက်နဲ့ပတ်သက်ပြီး မကြာခင် ဆုံးဖြတ်မယ်လို့ ဂျပန်ဝန်ကြီးချုပ်ဆို

အခုလကုန်မှာ သက်တမ်းကုန်ဆုံးမယ့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေကြေညာချက်ကို သက်တမ်းတိုးမတိုးနဲ့ ပတ်သက်ပြီး ရက်အနည်းငယ်အတွင်း ဆုံးဖြတ်ချက်ချမှတ်မယ် ဆိုတာကို ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

မစ္စတာ Suga ဟာ သူ့ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း သတင်းထောက်တွေကို အဲဒီလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ကြာသပတေးနေ့မှာ သက်တမ်းကုန်ဆုံးမယ့် အရေးပေါ်အခြေအနေကြေညာချက်မှာ တိုကျိုနဲ့ အိုစာကာ အပါအဝင် ခရိုင် ၁၉ ခု အကျုံးဝင်ပါတယ်။
အစိုးရဟာ Delta အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ရတဲ့ အကြီးအကျယ် ကူးစက်ပြန့်ပွားမှုကို ဆေးကုသမှုပေးနိုင်တဲ့ စွမ်းရည်ပမာဏ၊ ကာကွယ်ဆေးထိုးမှု လုပ်ဆောင်တဲ့ အနေအထားနဲ့ ကူးစက်မှုတားဆီးရေးရှုထောင့်တွေကနေ စောင့်ကြည့်နေခဲ့တယ်လို့ မစ္စတာ Suga က ပြောပါတယ်။
ကူးစက်ခံရသူအသစ် အရေအတွက် ကျဆင်းလာနေတာနဲ့ နေအိမ်မှာ နေပြန်ကောင်းလာအောင် နားနေရသူတွေရဲ့ အရေအတွက် ပိုပြီးနည်းလာနေတာတွေကို ရည်ညွှန်းပြီး ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အနေအထားတွေ ကောင်းမွန်လာနေတယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။
ဆေးရုံတွေက လူနာကုတင်လစ်လပ်မှုနှုန်း၊ ရောဂါပြင်းထန်တဲ့ လူနာအရေအတွက်နဲ့ ကာကွယ်ဆေးထိုးမှု အနေအထားတွေ အပါအဝင် အရေးပေါ်အခြေအနေ ရုပ်သိမ်းရေးအတွက် သတ်မှတ်ချက်တွေ ရှိတယ်လို့ သူက ဆိုပါတယ်။
သူ့အနေနဲ့ နောက်ဆုံးရ အချက်အလက်တွေကို စိစစ်သုံးသပ်မှုနဲ့ ကျွမ်းကျင်သူတွေဆီက ကြားနာမှုတွေ လုပ်ဆောင်ပြီးတဲ့အခါ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့ လိုလားတယ်လို့ မစ္စတာ Suga က ပြောပါတယ်။