လျှို့ဝှက်သင်္ကေတသုံး ဒီဂျစ်တယ် ငွေကြေးစနစ်နဲ့ ငွေရောင်းဝယ်လဲလှယ်မှုကို တရုတ်နိုင်ငံမှာ ပိုမို တင်းကျပ်

Bitcoin အပါအဝင် အခြားလျှို့ဝှက်သင်္ကေတသုံး ဒီဂျစ်တယ် ငွေကြေးစနစ် အခြေခံတဲ့ ငွေသွင်းငွေထုတ်မှုအားလုံးကို တရားမဝင် ငွေလဲလှယ်မှုအဖြစ် တရုတ်နိုင်ငံမှာ ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ လျှို့ဝှက်သင်္ကေတသုံး ဒီဂျစ်တယ် ငွေကြေးစနစ်နဲ့ ငွေသွင်းငွေထုတ် လုပ်တာကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်တားမြစ်ထားပြီ ဖြစ်ပါတယ်။
တရုတ်ပြည်သူ့ဘဏ်အပါအဝင် တရုတ်အစိုးရ အေဂျင်စီ ၁၀ ခု က သောကြာနေ့က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဒီဂျစ်တယ် ငွေကြေးစနစ်နဲ့ ငွေရောင်းဝယ်လဲလှယ်မှုကို တင်းကျပ်သွားမယ်လို့ ဖော်ပြထားခဲ့ပါတယ်။
အခုလို လုပ်ဆောင်ရတာဟာ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို အကာအကွယ်ပေးဖို့နဲ့ စီးပွားရေး၊ ဘဏ္ဍာရေး နဲ့ လူမှုရေး လုပ်ထုံးလုပ်နည်းတွေကို ထိန်းသိမ်းသွားဖို့ ရည်ရွယ်တာလို့ ဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ လျှို့ဝှက်သင်္ကေတသုံး ဒီဂျစ်တယ်ငွေကြေး ပိုင်ဆိုင်မှုတွေကို အရင်ထဲက ကန့်သတ်ထားပြီး ဖြစ်ပါတယ်။ တရုတ် အစိုးရက ဒီဂျစ်တယ် ယွမ် ကို စမ်းသပ်သုံးစွဲ နေတာကြောင့်၊ အစိုးရက ထိန်းချုပ်မှုမလုပ်နိုင်တဲ့ လျှို့ဝှက် သင်္ကေတသုံး ဒီဂျစ်တယ်ငွေကြေးပိုင်ဆိုင်မှု ကိစ္စရပ်တွေ ရပ်တန့်သွားအောင် အစိုးရက ကြိုးစားနေတာဖြစ်ပါတယ်။