တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ TPP မှာ ပါဝင်ဖို့ လျှောက်ထားမှု အပေါ် အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်အမြင်

ပစိဖိတ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (TPP) မှာ ပါဝင်ဖို့ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်ရဲ့ လတ်တလော လျှောက်ထားမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြု ပြောဆို ခဲ့ပါတယ်။

ဒီလထဲမှာ ရက်အနည်းငယ်ခြားပြီး၊ တရုတ်နဲ့ ထိုင်ဝမ်တို့က ပြီးပြည့်စုံပြီး တိုးတက်တဲ့ ပစိဖိတ်ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် (CPTPP) မှာ ပါဝင်ဖို့ လျှောက်ထားခဲ့ကြပါတယ်။
သူတို့ လျှောက်ထားတာကို လက်ခံသင့်လား လက်မခံသင့် ဘူးလားဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်က ဘာမှပြောဆိုမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က သောကြာနေ့တုန်းက ပြန်ကြားခဲ့ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံက ဒီသဘောတူညီချက် ကနေ နုတ်ထွက်ခဲ့ပြီး၊ ဂျပန်အပါအဝင် နိုင်ငံ ၁၁ နိုင်ငံ ဒီအဖွဲ့ထဲမှာ ကျန်ခဲ့ပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) မှာ ထိုင်ဝမ် ဟာ တာဝန်ကျေတဲ့ အဖွဲ့ဝင်အဖြစ် မှတ်ကျောက်တင်ခံထားရတာနဲ့ ဒီမိုကရေစီကို ခိုင်မာစွာ တန်ဖိုးထားတဲ့အချက်တွေကို ဆုံးဖြတ်ချက်ချရာမှာ အရေးပါတဲ့ အချက်တွေအဖြစ် အမေရိကန်အစိုးရက မျှော်လင့်ကြောင်း မစ္စတာ Price က ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှု အလေ့အကျင့်တွေဟာ စျေးကွက် စည်းမျဉ်းစည်းကမ်းပေါ်မှာ အခြေမခံတာရယ်၊ တရုတ်အစိုးရရဲ့ တခြားနိုင်ငံတွေအပေါ် စီးပွားရေးအရ ဖိအားပေးတာတွေက ဆုံးဖြတ်ချက်ချရာမှာ ထည့်သွင်းစဉ်းစား သင့်တယ်လို့ မစ္စတာ Price က ဆိုခဲ့ပါတယ်။
သမ္မတ Biden ဦးဆောင်တဲ့ အမေရိကန် အစိုးရကတော့ မူလ သဘောတူညီချက် မူဘောင်မှာ ပြန်လည်ပါဝင်မှာ မဟုတ်ဘူး ဆိုတာ ပြတ်ပြတ်သားသားရှိတယ်လို့လည်း သူက ပြောခဲ့ပါတယ်။