ဂျပန်နိုင်ငံဝန်ကြီးချုပ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြား

ဂျပန်ဝန်ကြီးချုပ် Suga Yoshihide ဟာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အကြောင်းအရာအမျိုးမျိုးကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

သောကြာနေ့က ထုတ်လွှင့်ခဲ့တဲ့ ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယို မိန့်ခွန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်း မျှမျှတတရရှိအောင် သေချာစေဖို့ အရေးကြီးတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ တစ်ခြားနိုင်ငံနဲ့ ဒေသတွေကို နောက်ထပ် ကာကွယ်ဆေး သန်း ၆၀ စာ ထောက်ပံ့ပေးမယ့် အကြောင်းလဲ သူက ထပ်ပြီး ကတိပြုပြောကြားခဲ့ပါတယ်။
တိုကျိုအိုလံပစ် နဲ့ ပါရာလင်းပစ် အားကစားပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီးလဲ ရည်ညွှန်းပြောကြားခဲ့ပါတယ်။ အားကစားပွဲတွေ ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိခဲ့ပေမယ့် ဂျပန်က အိမ်ရှင်နိုင်ငံအနေနဲ့ တာဝန်ကျေအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
လူသားတွေဟာ အခုလို အခက်အခဲတွေနဲ့ အတိုင်းမသိ ရင်ဆိုင်နေရချိန်မှာ ဒီအားကစားပွဲတွေက တစ်ကမ္ဘာလုံးရဲ့ စည်းလုံးညီညွတ်မှု သင်္ကေတပြရုပ် ဖြစ်ခဲ့တယ်လို့ မစ္စတာ Suga က ဆိုပါတယ်။
ငြိမ်းချမ်းဖို့နဲ့သာယာဝပြောဖို့အတွက် ကြိုးပမ်းမှုတွေရဲ့ အခြေခံအုတ်မြစ်ဟာ အင်အားသုံးပြီး လုပ်ယူဖို့မသင့်ဘဲ လွတ်လပ်ပွင့်လင်းတဲ့ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ပေါ်ပေါက်လာဖို့ ဂျပန်အနေနဲ့ လုပ်ဆောင်သွားမယ်လို့ မစ္စတာ Suga က အလေးထားပြောကြားခဲ့ပါတယ်။
တာလီဘန်ရဲ့ အုပ်ချုပ်မှုအောက်မှာ အာဖဂန်နစ္စတန်နိုင်ငံဟာ အကြမ်းဖက်အဖွဲ့တွေ ခိုလှုံရာနေရာတစ်ခု နောက်တစ်ကြိမ် ဖြစ်မလာဖို့ တစ်ကမ္ဘာလုံးက ကာကွယ်သင့်တယ်လို့ သူကဆိုပြီး အာဖဂန်နစ္စတန်နိုင်ငံ အတွင်းမှာ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေပေးနေတဲ့ အဖွဲ့အစည်းတွေ လုံခြုံစေဖို့နဲ့ အထူးသဖြင့် အာဖဂန်အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ အရေးပါတယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
တာလီဘန်က အများပြည်သူကို ကြေညာခဲ့တဲ့ ကတိကဝတ်တွေကို စောင့်ထိန်းမှာလားဆိုတာနဲ့ပတ်သက်ပြီး သူတို့ရဲ့ လုပ်ရပ်တွေကို ဂျပန်နိုင်ငံက သေချာစောင့်ကြည့်သွား မယ်လို့ မစ္စတာ Suga က ပြောပါတယ်။