Quad ခေါင်းဆောင်တွေ နှစ်စဉ်ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံး

ဂျပန်၊ အမေရိကန်၊ ဩစတြေးလျ နဲ့ အိန္ဒိယ နိုင်ငံက ခေါင်းဆောင်တွေဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသ ပေါ်ပေါက်လာစေရေးအတွက် ရည်ရွယ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။

ဒါဟာ Quad မဟာမိတ်နိုင်ငံတွေ လူချင်းတွေ့ဆုံဆွေးနွေးကြတဲ့ ပထမဦးဆုံး ထိပ်သီးအစည်းအဝေး ဖြစ်ပါတယ်။
ဆွေးနွေးမှုတွေအောင်မြင်တယ်လို့ တက်ရောက်လာတဲ့ နိုင်ငံတွေက ဆိုပြီး နှစ်စဉ်ထိပ်သီး ဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်မယ်လို့လည်း ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က ဒီအစည်းအဝေးပွဲက လေးနိုင်ငံကြားက ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို ဖော်ပြပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာရေးအတွက် တူညီတဲ့သဘောထားအမြင်နဲ့ ပတ်သက်ပြီး မယိမ်းယိုင်တဲ့ ကျွန်ုပ်တို့ကြားက ကတိကဝတ်တွေကို ပြသခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် သမ္မတ Joe Biden က Quad လေးနိုင်ငံဟာ အနာဂတ်အတွက် တူညီတဲ့ အမြင်တွေရှိပြီး၊ ကမ္ဘာလုံးဆိုင်ရာ သဘောထားတွေလည်း တူညီတဲ့ ဒီမိုကရေစီ နိုင်ငံတွေနဲ့ မဟာမိတ်အဖြစ် ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi က " Quad လေးနိုင်ငံက အင်ဒို-ပစိဖိတ် ဒေသနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းပြီး သာယာဝပြောဖို့ လုပ်ဆောင်မယ်လို့ သူ ယုံကြည်ကြောင်း ဒီမဟာမိတ်အဖွဲ့ရဲ့ အလားအလာကောင်းကြောင်း ချီးမြှောက်ပြောကြားခဲ့ပါတယ်။
" နိုင်ငံအားလုံးရဲ့ အချုပ်အခြာ အာဏာပိုင်ခွင့်ကို လေးစားပြီး ဖိနှိပ်ချုပ်ခြယ်မှုတွေ ကင်းလွတ်တဲ့ ဒေသတစ်ခု ဖြစ်စေဖို့ ကျွန်တော်တို့ အတူတကွ ဆောင်ရွက်သွားမယ်။ စုပေါင်း အင်အားတွေနဲ့ စည်းလုံးစွာ အတူရှိမယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison က ပြောသွားခဲ့ပါတယ်။
QUAD လေးနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ တုံ့ပြန်မှုတွေ အပါအဝင် နယ်ပယ်အမျိုးမျိုးမှာ ပိုမို အနီးကပ် လုပ်ဆောင်သွားကြဖို့ လေးနိုင်ငံ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပိုမိုထုတ်လုပ်ဖို့နဲ့ အင်ဒို-ပစိဖိတ် ဒေသတစ်ချို့အတွက် ကာကွယ်ဆေး ထောက်ပံ့ပေးဖို့ ပူးပေါင်း လုပ်ဆောင်ရေးဆိုင်ရာ တိကျတဲ့ ကနဦးကြိုးပမ်းချက်တွေကို သူတို့ ဆွေးနွေးခဲ့ကြပါတယ်။
အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ အာကာသဖွံ့ဖြိုး တိုးတက်ရေး၊ 'သန့်ရှင်းတဲ့စွမ်းအင်' သုံးစွဲရေးနဲ့ လူသားအရင်းအမြစ်ဖလှယ်ရေး စတာတွေမှာ အတူတကွ ဆောင်ရွက်ကြဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။
မြန်နှုန်းမြင့်၊ စွမ်းရည်မြင့်တဲ့ 5G အင်တာနက် နဲ့ တစ်ခြား အဓိကကျတဲ့ နည်းပညာတွေ တည်ဆောက်၊ ထုတ်လုပ်မှုနဲ့ သုံးစွဲမှုဆိုင်ရာ စည်းမျဉ်းတွေနဲ့ သက်ဆိုင်တဲ့ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ကြပါတယ်။