ဂျပန် ကုမ္ပဏီတွေအကြား ကုမ္ပဏီ ပေါင်းစည်းမှုနဲ့ဝယ်ယူမှု အရေအတွက် စံချိန်တင် မြင့်တက်

ဂျပန် ကုမ္ပဏီတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ "new normal" ပုံမှန်အခြေအနေသစ်မှာ စျေးကွက်ထဲ ဆက်လက် ရပ်တည်သွားနိုင်ဖို့ ကုမ္ပဏီ ပေါင်းစည်းမှုနဲ့ ဝယ်ယူမှု (M&A) တွေကို အများအပြား ပြုလုပ်နေကြပါတယ်။

အခုနှစ်ရဲ့ ပထမ ၈လအတွင်း ကုမ္ပဏီ ပေါင်းစည်းမှုနဲ့ဝယ်ယူမှု ၂,၇၉၄ မှု ရှိခဲ့တယ်လို့ M&A ဆိုင်ရာ အကြံပေးကုမ္ပဏီ Recof က ပြောပါတယ်။ ဒါဟာ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး နှိုင်းယှဉ်နိုင်တဲ့ အချက်အလက်တွေ ရရှိခဲ့တဲ့ ၁၉၈၅ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်ပါတယ်။
Hitachi ကုမ္ပဏီက ဆော့ဖ်ဝဲလ် တီထွင်ထုတ်လုပ်တဲ့ အမေရိကန် ကုမ္ပဏီ GlobalLogic ကို ဝယ်ယူခဲ့တာဟာ တန်ဖိုးအကြီးဆုံး ဖြစ်ခဲ့ပါတယ်။ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ ဝယ်လိုအားတွေ တိုးလာနေတာကြောင့် Hitachi ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၉.၆ ဘီလီယံ ပေးပြီး GlobalLogic ကို ဝယ်ယူခဲ့ရပါတယ်။
ကုမ္ပဏီကြီးတွေဟာ စျေးကွက်ကြီးထွားလာမယ့် နယ်ပယ်တွေမှာ ခြေကုပ်ယူဖို့ အလားအလာရှိတဲ့ တက်သစ်စ ကုမ္ပဏီတွေကို ဝယ်ယူတာ ရင်းနှီးမြှုပ်နှံတာတွေ ပြုလုပ်နေကြတယ်လို့ Recof ကုမ္ပဏီက တာဝန်ရှိသူတွေက ဆိုပါတယ်။