နိုဘယ်လ်ဆုတွေကို ဆုရရှိသူတွေရဲ့ နိုင်ငံတွေမှာ ချီးမြှင့်သွားဖို့ရှိ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတာကြောင့် ၂၀၂၁ခုနှစ်အတွက် ဆုရှင်တွေဟာ သူတို့ရဲ့ နိုင်ငံတွေမှာ ဆုတံဆိပ်တွေနဲ့ လက်မှတ်တွေကို လက်ခံရရှိသွားမှာ ဖြစ်တယ်လို့ နိုဘယ်လ်ဆု ပေးအပ်တဲ့အစီအစဉ်ကို စီမံနေတဲ့ ဖောင်ဒေးရှင်းက ဆိုပါတယ်။ ဒါဟာ ဒုတိယမြောက်နှစ် ဖြစ်ပါတယ်။

ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် နိုင်ငံတကာ ခရီးသွားလာမှု ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး မရေရာမှုတွေ ရှိနေတယ်လို့ Nobel Foundation က ထောက်ပြပြီး အဲဒီဆုံးဖြတ်ချက်ကို ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က နိုဘယ်လ်ဆုရှင်တွေဟာ သူတို့ရဲ့ဆုတံဆိပ်တွေနဲ့ လက်မှတ်တွေကို သူတို့နိုင်ငံမှာရှိတဲ့ သံရုံးတွေ၊ တက္ကသိုလ်တွေနဲ့ တခြားနေရာတွေမှာ လက်ခံရယူခဲ့ကြပါတယ်။ အဲဒီအခမ်းအနားတွေကို အွန်လိုင်းကနေ အများပြည်သူကို ပြသခဲ့ပါတယ်။ ပုံမှန်ဆိုရင် ဒီနိုဘယ်လ်ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလမှာ ဆွီဒင်နိုင်ငံရဲ့ မြို့တော် စတော့ဟုမ်းမှာ ကျင်းပလေ့ရှိပါတယ်။
နော်ဝေနိုင်ငံ အောစလိုမြို့မှာ ကျင်းပလေ့ရှိတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုအခမ်းအနားနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို အောက်တိုဘာလအလယ်နောက်ဆုံးထားပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အဲဒီဖောင်ဒေးရှင်းက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဒီနှစ်အတွက် ဆုရှင်တွေကို အောက်တိုဘာလ ၄ရက်နေ့ကစပြီး ကြေညာသွားမှာ ဖြစ်ပါတယ်။