စမတ်ဖုန်းတွေအတွက် အားသွင်းကြိုးတစ်မျိုးတည်းကိုသာ သုံးဖို့ EU အဆိုတင်သွင်း

ဥရောပသမဂ္ဂ (EU) ဟာ စမတ်ဖုန်းနဲ့ တခြား အသေးစားကိရိယာတွေ အားလုံးမှာ အားသွင်းပေါက် တစ်မျိုးတည်းသာ ရှိစေလိုပါတယ်။

EU ရဲ့ အမှုဆောင်အဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင်က USB-C အမျိုးအစား အားသွင်းကြိုးတွေကိုသာ အသုံးပြုရေး ဥပဒေပြဋ္ဌာန်းဖို့ အဆိုတင်သွင်းနေပါတယ်။
အဲဒီလို လုပ်တာဟာ ဝယ်ယူသုံးစွဲသူတွေရဲ့ နေထိုင်မှုဘဝကို ပိုပြီး လွယ်ကူစေမှာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်အတွက်လည်း ကောင်းမှာဖြစ်တယ်လို့ အဲဒီကော်မရှင်က ပြောပါတယ်။
လူတွေအနေနဲ့ ကိရိယာတစ်လုံး ဝယ်ယူတိုင်း အားသွင်းကြိုးအသစ် ဝယ်ယူရတာမျိုးထက် ကိရိယာတွေအကုန်လုံးအတွက် အားသွင်းကြိုးတစ်ခုတည်းကို သုံးနိုင်မှာဖြစ်ပါတယ်။
အဲဒီလို သတ်မှတ်တာကြောင့် ဝယ်ယူသုံးစွဲသူတွေဟာ တစ်နှစ်ကို ယူရိုသန်းပေါင်း ၂၅၀ ဒါမှမဟုတ် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၉၀ ကျော် ချွေတာနိုင်မှာ ဖြစ်ပြီး အီလက်ထရောနစ်ပစ္စည်း စွန့်ပစ်မှုကို တန်ချိန်ပေါင်း ၁၀၀၀ လောက် လျှော့ချနိုင်မယ်လို့ EU က ယုံကြည်နေပါတယ်။
ကုန်ထုတ်လုပ်ငန်းတွေအနေနဲ့ အဲဒီသတ်မှတ်ချက်အသစ်တွေနဲ့ လိုက်လျောညီထွေအောင် လုပ်ဆောင်နိုင်ဖို့ ၂ နှစ် အချိန်ရမှာ ဖြစ်ပါတယ်။ ဒါဟာ မိုဘိုင်းလ်ဖုန်း၊ တက်ဘလက်၊ ဒီဂျစ်တယ်ကင်မရာနဲ့ နားကြပ်တွေအတွက် အကျုံးဝင်မှာဖြစ်ပါတယ်။
ဒါဟာ Apple ကုမ္ပဏီအပေါ် ကြီးမားတဲ့ ဂယက်ရိုက်မှု ရှိမှာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီထုတ် iPhone တွေမှာ Lightning လို့ခေါ်တဲ့ အားသွင်းပေါက်ကို သုံးထားပါတယ်။
အဲဒီသတ်မှတ်ချက်အတွက် အဆိုတင်သွင်းမှုကို Apple ကုမ္ပဏီက ဆန့်ကျင်နေပါတယ်။ အားသွင်းကြိုးတစ်မျိုးတည်းကိုသာ အသုံးပြုဖို့ ပြဋ္ဌာန်းတဲ့ အဲဒီ တင်းကျပ်တဲ့ သတ်မှတ်ချက်ဟာ ဆန်းသစ်တဲ့ တီထွင်မှုတွေကို ဟန့်တားရာရောက်ပြီး ဒါဟာ ဥရောပနဲ့ ကမ္ဘာတစ်ဝန်းက ဝယ်ယူသုံးစွဲသူတွေကို ထိခိုက်စေလိမ့်မယ်လို့ ကုမ္ပဏီအရာရှိတွေက ပြောပါတယ်။