တောင်ကိုရီးယားနဲ့ဆွေးနွေးနိုင်ခြေကို မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ညီမ အရိပ်အမြွက်ပြော

မြောက်ကိုရီးယားခေါင်းဆောင် Kin Jong Un ရဲ့ညီမက တောင်ကိုရီးယားဟာ ရန်လိုမှုတွေကို စွန့်လွှတ်မယ်ဆိုရင် နှစ်နိုင်ငံတို့ဟာ ဆက်ဆံရေးတိုးတက်ဖို့ဆွေးနွေးနိုင်ခြေ ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။

ညီမဖြစ်သူ Kim Yo Jong ဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင်သတင်းအေဂျင်စီကနေတဆင့် သောကြာနေ့မှာ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။
ကိုရီးယားစစ်ပွဲတရားဝင်ပြီးဆုံးပါပြီဆိုတာကို ကြေညာချက်ထုတ်ပြန်ဖို့ တောင်ကိုရီးယားသမ္မတ Moon Jae-in က ထပ်မံပြောဆိုခဲ့တဲ့ မိန့်ခွန်းတစ်ခုကို Kim Yo Jong က တုံ့ပြန်တာဖြစ်ပါတယ်။
အဲဒီကြေညာချက်ထဲမှာ Kim Yo Jong က ကိုရီးယားကျွန်းဆွယ်မှာ မတည်ငြိမ်တဲ့အပစ်အခတ်ရပ်စဲမှု အခြေအနေကို အဆုံးသတ်ရေးနဲ့ ဆန့်ကျင်ဘက်အပေါ် ရန်လိုမှုတွေကို ရုပ်သိမ်းဖို့အတွက် စစ်ပွဲပြီးဆုံးကြောင်း ကြေညာချက်ဟာ စိတ်ဝင်စားဖို့ကောင်းပြီး လေးစားချီးကျူးဖွယ်စိတ်ကူးဖြစ်တယ်လို့ ခေါ်ဆိုထားပါတယ်။
သူက တောင်ကိုရီးယားဟာ အနာဂတ်မှာ ပြောဆိုသုံးနှုန်းမှုကို သတိထားမယ်၊ မြောက်ကိုရီးယားအပေါ် ရန်လိုမှုမရှိရင် မြောက်ကိုရီးယားအစိုးရဟာ တောင်ကိုရီးယားနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ဆက်လက်ထားရှိလိုတယ်ဆိုတာနဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထွန်းကားရေးနဲ့ တိုးတက်ရေးအတွက်အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ ဖြစ်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။