ရာသီဥတုပြောင်းလဲမှုက ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ရာသီဥတုပြောင်းလဲမှုဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာဖြစ်လာနေတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ပြောဆိုလိုက်ပါတယ်။

သူက ရာသီဥတုပြောင်းလဲမှုဟာ ကုလသမဂ္ဂရဲ့ တုံ့ပြန်မှုတွေကို ပိုပြီးလို့တောင် စိန်ခေါ်လာနေတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးနယ်ပယ်ကစလို့ အခြေခံအဆောက်အအုံတွေအထိ နဲ့ လူထုကျန်းမာရေးနယ်ပယ် ကနေ စားနပ်ရိက္ခာလုံခြုံရေးအထိ ရာသီဥတုပြောင်းလဲမှုရဲ့ ရိုက်ခတ်မှုဟာ ကျနော်တို့ရဲ့ ရှင်သန်မှု နယ်ပယ်အားလုံးနီးပါးအပေါ် သက်ရောက်နေတယ်လို့လည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂစနစ်ထဲမှာ ပဋိပက္ခကြားဝင်စေ့စပ်ညှိနှိုင်းဖြေရှင်းရေး နဲ့ ပဋိပက္ခမဖြစ်ရေးတားဆီးကြိုးပမ်းချက်တွေ အထူးသဖြင့် ပြိုကွဲနေတဲ့နိုင်ငံတွေနဲ့ ပဋိပက္ခတွေအများအပြားဖြစ်နေတဲ့ဒေသ တွေအတွက် ကြိုးပမ်းတာတွေတင်မက ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်နွယ်နေတဲ့ ပေါင်းစပ်သင့်တယ်လို့ မစ္စတာ Blinken က ပြောဆိုခဲ့ပါတယ်။
ကုလလုံခြုံရေးကောင်စီဝင်တွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကျပ်အတည်းဟာ လုံခြုံရေးကောင်စီနဲ့သက်ဆိုင်သလားဆိုတာကို အခြေအတင် ဆွေးနွေးနေတာမျိုးကို ရပ်တန့်ဖို့လိုအပ်တယ်လို့ သူက ပြောပါသေးတယ်။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးသက်ရောက်တာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တမူထူးခြားတဲ့လုံခြုံရေးကောင်စီရဲ့ အင်အားကို ဘယ်လိုအသုံးချနိုင်မလဲဆိုတာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လုံခြုံရေးကောင်စီဖို့ မေးခွန်းထုတ်ရမှာ ဖြစ်တယ်လို့လည်း ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Zhang Jun က ရာသီဥတုပြောင်းလဲမှုကိစ္စကြောင့် နိုင်ငံအားလုံးဟာ ကောင်စီရဲ့ဆွေးနွေးရမယ့် အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဝရုန်းသုန်းကား ဖြစ်တဲ့အခြေမဆိုက်ရေးဆိုတာကို ကျနော်တို့အားလုံးထောက်ပြသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။