ဗိုင်းရပ်စ်ဆိုင်ရာအရေးပေါ်အခြေအနေကြေညာဒေသများတွင် တိုးတက်ကောင်းမွန်လာဟု ဂျပန်ကျန်းမာရေးဝန်ကြီးပြောဆို

ဂျပန်ကျန်းမာရေးဝန်ကြီး Tamura Norihisa က အရေးပေါ်အခြေအနေကြေညာထားတဲ့ ခရိုင်အားလုံး နီးပါးလောက်မှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအခြေအနေ တိုးတက်ကောင်းမွန်လာနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

အဲဒီကြေညာချက်ကို အခုလကုန်ကိုကျော်လွန်ပြီး သက်တမ်းတိုးချဲ့မလားဆိုတဲ့ဆုံးဖြတ်ချက်ဟာ ဝန်ကြီးချုပ် Suga Yoshihide အမေရိကန်ပြည်ထောင်စုကနေ ပြန်လာတဲ့အခါကျမှ ဖြစ်လိမ့်မယ်လို့ မစ္စတာ Tamura က အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။
တိုကျိုနဲ့အိုစာကာအပါအဝင် ခရိုင် ၁၉ ခုဟာ လာမယ့်ကြာသပတေးနေ့မှာ သက်တမ်းကုန်ဆုံးမယ့်အရေးပေါ် အခြေအနေအောက်မှာ အကြုံးဝင်နေပါတယ်။
ဝန်ကြီး Tamura က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အရေအတွက် သိသိသာသာကျဆင်းလာနေတာဟာ သေချာတယ်လို့ သတင်းထောက်တွေကို သောကြာနေ့က ပြောဆိုခဲ့ပါတယ်။ အဲဒီအတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင် အရေးပေါ်အခြေအနေသက်ရောက်ဒေသတွေဟာ လာမယ့်ကြာသပတေးနေ့မှာ ကြေညာချက်ရုပ်သိမ်းဖို့အတွက် လိုအပ်တဲ့သတ်မှတ်ချက်အနေအထားနီးပါးရောက်လာဖွယ်ရာရှိတယ်လို့ သူက ပြောပါတယ်။
တကယ်လို့ ကြေညာချက်ကို ရုပ်သိမ်းလိုက်ပြီဆိုရင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆိုင်ရာကန့်သတ်ချက်တွေ လျှော့ပေါ့ပေး တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်မလား ဆိုတာနဲ့ ပတ်သက်ပြီး မစ္စတာ Tamura က ရည်ညွှန်းပြောဆိုခဲ့ ပါတယ်။ ဆေးရုံတွေမှာ လူနာတက်ရောက်ကုသတဲ့နှုန်းနဲ့ တခြား အကြောင်းအချက်တွေကို စောင့်ကြည့်လေ့လာတာ ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်ပင်တာတွေကို ဒေသတစ်ခုချင်းစီ အလိုက် ဆုံးဖြတ်ချက်ချဖွယ်ရာရှိတယ်လို့ ပြောပါတယ်။