ကမ္ဘာ့အသက်အကြီးဆုံး အမြွှာညီအစ်မ အဖြစ် ဂျပန်အမြွှာညီအစ်မ အသိအမှတ်ပြုခံရ

အသက် ၁၀၇ နှစ် အရွယ် ဂျပန်ညီအစ်မဟာ ကမ္ဘာ့အသက်အကြီးဆုံး အမြွှာညီအစ်မအဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။

Shodoshima ကျွန်းမှာနေထိုင်တဲ့ အဖွား Sumiyama Umeno နဲ့ Oita ခရိုင်မှာနေထိုင်တဲ့ အဖွား Kodama Koume တို့ဟာ ဗုဒ္ဓဟူးနေ့မှာ Guinness World Records ကမ္ဘာ့စံချိန်မှတ်တမ်း ကနေ အသိအမှတ်ပြု လက်မှတ်တွေ ရရှိခဲ့ပါတယ်။
အဲဒီ အမျိုးသမီးကြီးတွေဟာ ၁၉၁၃ ခုနှစ်မှာ Shodoshima ကျွန်းမှာ သားသမီး ၁၁ ဦးအနက် အကြီးဆုံးသမီးတွေအဖြစ် မွေးဖွားခဲ့ကြတယ်လို့ Guinness World Records က ဆိုပါတယ်။ သူတို့ဟာ စက်တင်ဘာလ ၁ရက်နေ့မှာ အသက် ၁၀၇ နှစ်နဲ့ ရက်ပေါင်း ၃၀၀ ပြည့်ပြီ ဖြစ်ပါတယ်။ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ တခြား ဂျပန်လူမျိုးအမွှာ၂ဦးဟာ အဲဒီ ကမ္ဘာ့စံချိန်မှတ်တမ်းရဲ့ ထိပ်ဆုံးမှာ အရင်က ရှိခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် သူတို့နေထိုင်တဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေဆီကို စာတိုက်ကနေပဲ အဲဒီ အသိအမှတ်ပြု လက်မှတ်တွေကို ပို့ခဲ့ကြပါတယ်။
ဂေဟာဝန်ထမ်းတွေက အဲဒီအသိအမှတ် ပြုလက်မှတ်ကို ပေးတဲ့အချိန်မှာ အမွှာတစ်ဦး ဖြစ်တဲ့ အဖွား Sumiyama Umeno ဟာ မျက်ရည် ကျခဲ့ပါတယ်။