အသက်အရွယ်ကြီးသူတွေကို အားဖြည့် ကာကွယ်ဆေးထိုးမှု နောက်နှစ်မှာ စနိုင်မယ်လို့ ဂျပန်ကာကွယ်ဆေးထိုးရေး ဝန်ကြီးဆို

အခုနှစ်မကုန်ခင်မှာ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေအတွက်၊ နောက်နှစ်မှာတော့ အသက်အရွယ်ကြီးရင့်သူတွေအတွက် တတိယ အကြိမ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ကို အားဖြည့်ထိုးဖို့ ဂျပန်အစိုးရက မျှော်မှန်းထား တယ်လို့ အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဝန်ကြီး Kono Taro က ပြောပါတယ်။

ဂျပန်နိုင်ငံ ကာကွယ်ဆေးထိုးရေး အစီအစဉ် ဆိုင်ရာ တာဝန်ခံဝန်ကြီး ဖြစ်တဲ့ မစ္စတာ Kono က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို မှတ်ချက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အနည်းဆုံး အရင် ၈ လ အကြာမှာ ကာကွယ် ဆေး ဒုတိယအကြိမ် အထိုးခံခဲ့သူတွေကို အားဖြည့်ကာကွယ်ဆေးထိုးမှု ကမ်းလှမ်းဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့တယ်လို့ သူက ပြောပါတယ်။
ပထမနဲ့ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးဖို့ ကြိုတင်စာရင်းပေးရာမှာ အခက်အခဲတွေ့ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ မစ္စတာ Kono က ဆိုပါတယ်။
ဒါပေမဲ့လည်း တတိယအကြိမ် ဆေးထိုးမှု ခံယူရေး အချိန်ဇယားအရ အရင်က ကာကွယ် ဆေးထိုးမှု မှတ်တမ်းတွေ အပေါ် မူတည်ပြီး အကြမ်းဖျင်း နေ့ရက်တွေကို သတ်မှတ်နိုင် တယ်လို့ သူက ပြောပါတယ်။ တတိယအကြိမ် ဆေးထိုးမှုအတွက် ရက်သတ်မှတ်တာကို ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ လုပ်ဆောင်နိုင်မယ်လို့ သူက ဖြည့်စွက် ပြောကြား ခဲ့ပါတယ်။