အမေရိကန် ဦးဆောင်တဲ့ ကန့်သတ်ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေကို တရုတ်ခေါင်းဆောင် ကန့်ကွက်

တရုတ်ကို ဝိုင်းထားပုံပေါ်နေတဲ့ မဟာမိတ်အဖွဲ့အသစ် ဖွဲ့စည်းဖို့ အမေရိကန်ရဲ့ လုပ်ဆောင်မှုကို တရုတ်သမ္မတ Xi Jinping က ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က New York မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မစ္စတာ Xi ရဲ့ ကြိုတင်ရိုက်ကူးထားတဲ့ မိန့်ခွန်းကို ထုတ်လွှင့်ခဲ့ပါတယ်။
နိုင်ငံတွေအကြားက မတူကွဲပြားမှုတွေနဲ့ ပြဿနာတွေကို ကိုင်တွယ်ရာမှာ တန်းတူညီမျှမှုနဲ့ အပြန်အလှန် လေးစားမှုတွေအပေါ် အခြေခံပြီး ဆွေးနွေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မစ္စတာ Xi က ပြောပါတယ်။
"သေးငယ်တဲ့ အုပ်စုတွေ ဖွဲ့စည်းတာ ဒါမှမဟုတ် တစ်ဖက်က အကျိုးအမြတ်ရပြီး တစ်ဖက်က နစ်နာတဲ့ zero sum games ဖြစ်အောင် လုပ်တာမျိုး"ကို လက်မခံသင့်ဘူးလို့ မစ္စတာ Xi က ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယတို့နဲ့ Quad လို့ အမည်ရတဲ့ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဗြိတိန်၊ ဩစတြေးလျတို့နဲ့လည်း လုံခြုံရေးဆိုင်ရာ မူဘောင်တစ်ရပ်ကို စတင်ခဲ့ပါတယ်။
မစ္စတာ Xi ဟာ အမေရိကန်ကို နာမည်တပ် ပြောဆိုခြင်းမရှိဘဲ မကြာသေးခင်က တာလီဘန်တွေကို အာဏာ ပြန်လည်ရရှိစေခဲ့တဲ့ အာဖဂန်နစ္စတန်က အမေရိကန်ရဲ့ ကြီးမားတဲ့ စစ်ဆင်ရေးအပေါ် ဝေဖန်ပြောဆိုခဲ့ပါတယ်။ မစ္စတာ Xi က "ပြင်ပက စစ်ဘက်ရေးရာ ဝင်ရောက်စွက်ဖက်မှုနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလို့ ခေါ်တဲ့ အရာဟာ ထိခိုက်နစ်နာမှုက လွဲပြီး တခြားဘာမှ ဖြစ်မလာစေနိုင်ဘူး"လို့ ပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး ပြောဆိုရာမှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချနိုင်ဖို့အတွက် တရုတ်ဟာ ပံ့ပိုးကူညီမှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မစ္စတာ Xi က ဆိုပါတယ်။ တရုတ်ဟာ ကျောက်မီးသွေးစွမ်းအင်သုံး စီမံကိန်းအသစ်တွေကို နိုင်ငံခြားမှာ နောက်ထပ် စတင်ဖို့ မရှိဘူးလို့လည်း မစ္စတာ Xi က ပြောပါတယ်။
တရုတ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အခုနှစ်မကုန်မီ ကာကွယ်ဆေး သန်း ၁၀၀ စာ လှူမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းရေး အဲဒီနိုင်ငံတွေကို ပံ့ပိုးကူညီမှုမှာ တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မစ္စတာ Xi က အလေးပေးပြောကြားခဲ့ပါတယ်။