‘Abenomics’ ဟာ စီးပွားရေး မသေချာမရေရာမှု ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု

Abenomics လို့ ခေါ်တဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ စီးပွားရေး မသေချာမရေရာမှုတွေ ဖြစ်နေတာကို ပိုမို ကြန့်ကြာစေတဲ့ အကြောင်းရင်း တစ်ခုဖြစ်တယ်လို့ ဂျပန်ရဲ့ အဓိက အတိုက်အခံပါတီ Constitutional Democratic Party (CDP) က ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း Abe Shinzo လက်ခံကျင့်သုံးခဲ့တဲ့ အဲဒီမူဝါဒကို အပြည့်အဝ အကဲဖြတ်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အဓိက အာဏာရ Liberal Democratic Party (LDP) ကို CDP က ဝေဖန်ရှုတ်ချလိုက်ပါတယ်။ အဲဒီမူဝါဒနဲ့ပတ်သက်ပြီး CDP က အသေးစိတ် လေ့လာသုံးသပ်ပြီး ရရှိခဲ့တဲ့ ရလဒ်တွေကို CDP ခေါင်းဆောင် Edano Yukio က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Abenomics စနစ်အောက်မှာ ကြီးမားတဲ့ ငွေကြေးဖြေလျှော့မှုတွေကြောင့် စတော့ရှယ်ယာဈေးနှုန်းတွေ တက်လာခဲ့ပေမယ့် လက်တွေ့မှာ လူတွေရဲ့ လုပ်အားခဟာ ကျဆင်းလာခဲ့ပြီး ကုန်ပစ္စည်း ဝယ်ယူစားသုံးမှုဟာ နှေးကွေးနေဆဲ ဖြစ်ပါတယ်။ ကုန်ပစ္စည်း ဝယ်ယူစားသုံးမှုတန်ဖိုးဟာ ဂျပန်ရဲ့ စုစုပေါင်း ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုး GDP ရဲ့ တစ်ဝက်ကျော် ရှိပါတယ်။
Abenomics ဟာ ချမ်းသာတဲ့သူတွေကို ပိုချမ်းသာစေခဲ့ပြီး အာဏာရှိတဲ့သူတွေကို ပိုပြီး အာဏာရှိစေခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဘဏ်မှာ ငွေအပ်နှံထားတာ မရှိဘဲ ဝန်ထမ်း အလုပ်လုပ်တဲ့ မျိုးဆက်တွေ များပြားလာစေပြီး အဲဒီမူဝါဒဟာ ဆင်းရဲချမ်းသာကွာဟမှုကို ပပျောက်အောင် ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။