Quad ထိပ်သီးဆွေးနွေးပွဲအတွက် ဂျပန်ဝန်ကြီးချုပ် အမေရိကန်ကို ထွက်ခွာ

ပထမဦးဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံပြုလုပ်မယ့် Quad မဟာမိတ် လေးနိုင်ငံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဂျပန်ဝန်ကြီးချုပ် Suga Yoshihide ဟာ ဒီသီတင်းပတ်အတွင်းမှာ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

မစ္စတာ စုဂါဟာ ကြာသပတေးနေ့မှာ တိုကျိုကနေ ထွက်ခွာမှာ ဖြစ်ပြီး အဲဒီ ၄ရက်ကြာ ဝါရှင်တန် ခရီးစဉ်အတွင်း အမေရိကန်၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံက ခေါင်းဆောင်တွေနဲ့တွေ့ဆုံမှာ ဖြစ်တယ်လို့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Kato Katsunobu က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
မစ္စတာ Kato က ကိုရိုနာဗိုင်းရပ်စ် အရေးကိစ္စနဲ့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသအဖြစ် မြှင့်တင်ဖို့အတွက် ရင်ဆိုင်နေရတဲ့ တခြားပြဿနာတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ဂျပန်က ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
Quad ခေါင်းဆောင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကိစ္စ၊ အရေးပါတဲ့နည်းပညာသစ်ကိစ္စနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေးကို ထပ်မံအတည်ပြုတာနဲ့ ဆွေးနွေးပွဲရဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။
သူတို့ဟာ အမေရိကန်၊ သြစတြေးလျနဲ့ဗြိတိန်တို့ရဲ့ လုံခြုံရေးဆိုင်ရာ မိတ်ဖက်သစ်အစီအစဉ် AUKUS ဖြစ်ပေါ်လာပုံနဲ့ မူဝါတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက် ဖလှယ်ကြမှာ ဖြစ်ပြီး၊ အစ္စလာမ်မစ်အဖွဲ့ တာလီဘန်က အာဏာပြန်ရယူခဲ့တဲ့ အာဖဂန်နစ္စတန်နဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမယ်ဆိုတာတွေကို ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။