ရေငုပ်သင်္ဘောကိစ္စပြဿနာဖြစ်နေချိန်အတွင်း အမေရိကန်နဲ့ပြင်သစ်သမ္မတတို့ စကားပြောမည်

အမေရိကန်နဲ့ ပြင်သစ်သမ္မတတို့ဟာ လာမယ့်ရက်အနည်းငယ် အတွင်း တယ်လီဖုန်းဆက်သွယ် စကားပြောဆိုကြမှာ ဖြစ်ပါတယ်။

ရေငုပ်သင်္ဘောကိစ္စမှာ ပြင်သစ်နဲ့သဘောတူထားတာကို သြစတြေးလျားက ပယ်ဖျက်ဖို့ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး သံတမန်ရေးအရတင်းမာမှုတွေဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး စကားပြောဆိုကြမှာဖြစ်ပါတယ်။
ပြင်သစ်အစိုးရပြောရေးဆိုခွင့်ရှိသူ Gabriel Attal က သမ္မတ Joe Biden နဲ့ Emmanuel Macron တို့အကြား တယ်လီဖုန်း ဆက်သွယ်စကားပြောဆိုမယ့်အစီအစဉ်ကို တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီလိုစကားပြောဖို့ အမေရိကန်ခေါင်းဆောင်က တောင်းဆိုခဲ့တာလို့ မစ္စတာ Attal က ပြောပါတယ်။ သြစတြေးလျားဟာ ပြင်သစ်နဲ့ပူးတွဲပြီး ရေငုပ်သင်္ဘောတည်ဆောက်ရေးအစီအစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီအစား ပထမဦးဆုံးသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေရရှိဖို့အတွက် အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ နည်းပညာအထောက်အပံ့တွေကို ရယူဖို့ ရွေးချယ်ခဲ့ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့ဟာ AUKUS လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာမိတ်ဖက်သစ်အစီအစဉ်အောက်မှာ သြစတြေးလျားကို အထောက်အပံ့တွေပေးမှာဖြစ်ပါတယ်။ အဲဒီ ၃ နိုင်ငံတို့ဟာ တရုတ်ကို ရည်ရွယ်ပြီးစောင့်ကြည့်ပုံရတဲ့ လုပ်ငန်းမူဘောင်တစ်ခုကို ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံတန်ဖိုးလောက်ရှိတဲ့ ပြင်သစ်နဲ့ သြစတြေးလျားတို့အကြား သဘောတူချက်ကို ရပ်ဆိုင်းဖို့ သြစတြေးလျားကဆုံးဖြတ်ခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ ပြင်သစ်ဟာ သူ့ရဲ့ အမေရိကန်နဲ့သြစတြေးလျားဆိုင်ရာ သံအမတ်တွေကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean Yves Le Drian က သြစတြေးလျားဟာ သဘောတူညီချက်ကို အဆုံးသတ်မယ်လို့ မကြေညာလေးတင်အထိ အဲဒီဆုံးဖြတ်ချက်ကို သူ့နိုင်ငံကို အသိမပေးခဲ့ဘူးလို့ စနေနေ့က ပြောဆိုခဲ့ပါတယ်။
အခြေအနေဟာ အတော်ကိုဆိုးရွားတဲ့အကျပ်အတည်း ဖြစ်တယ်လို့ဆိုရင်း မဟာမိတ်အစစ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြောဆို အပြန်အလှန်လေးစားရတယ်လို့ ပြောပါတယ်။
မစ္စတာ Biden နဲ့ မစ္စတာ Macron တို့ဟာ အခြေအနေတွေ ဒီထက်ပိုဆိုးမလာအောင် တားဆီးနိုင်မလားဆိုတာနဲ့ ယုံကြည်မှုတွေပြန်တည်ဆောက်နိုင်မလားဆိုတာကို အလေးထားစောင့်ကြည့်နေကြပါတယ်။