Honda က ဂျပန်မှာ အွန်လိုင်းမှတဆင့်ကားသစ်များရောင်းမည်

Honda Motor ကုမ္ပဏီဟာ ဂျပန်နိုင်ငံတွင်းမှာ မော်တော်ကားသစ်တွေကို အွန်လိုင်းမှတဆင့် ပထမဦးဆုံးစတင်ရောင်းချမယ့် ဂျပန်မော်တော်ကားကုမ္ပဏီ ဖြစ်လာမယ်လို့ NHK က သိခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း မျက်နှာချင်းဆိုင်တွေ့ပြီး ပြောဆိုဆက်ဆံတာမျိုးကို ရှောင်ရှားလိုတဲ့ မော်တော်ကားဝယ်လိုသူတွေ များပြားလာတာကို တုံ့ပြန်မှုဖြစ်ပါတယ်။
Honda ဟာ ခန့်မှန်းခြေတွက်ချက်တာ၊ စာချုပ်ချုပ်တာ၊ ငွေချေးငှားမှုကိုစိစစ်တာအပါအဝင် အရောင်းလုပ်ငန်းစဉ်တွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ အစောဆုံးနောက်လထဲမှာ အင်တာနက်စာမျက်နှာ တစ်ခုဖွင့်လှစ်မှာဖြစ်ပါတယ်။
အဲဒီအင်တာနက်စာမျက်နှာမှာ ရောင်းအားကောင်းတဲ့ နာမည်ကြီးအမျိုးအစားမော်တော်ကားတွေလည်း ပါဝင်မှာဖြစ်သလို အရောင်းကို မြို့ကြီးတွေကနေ အလှမ်းကွာတဲ့အရပ်တွေအထိအကြုံးဝင်အောင် ချဲ့ထွင်ထားမှာလည်းဖြစ်ပါတယ်။
ဝယ်ယူထားတဲ့မော်တော်ကားတွေကိုပေးပို့တာကိုတော့ အရင်ကအတိုင်းပဲ အရောင်းကိုယ်စားလှယ်တွေက လုပ်ဆောင်မှာဖြစ်ပါတယ်။
လွှဲပြောင်းတဲ့ငွေပမာဏ ကြီးကြီးမားမားရှိတဲ့အတွက် မော်တော်ကားသစ်အရောင်းနဲ့ပတ်သက်တဲ့စေ့စပ်ညှိနှိုင်းမှုတွေကို ပုံမှန်ဆိုရင် အရောင်းဆိုင်တွေမှာ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ လူချင်းတွေ့စကားပြောဆိုတာမျိုးကို မပြုလုပ်ချင်တဲ့ ဖောက်သည်တွေဆီက တောင်းဆိုမှုတွေများလာနေတာကို Honda က တုံ့ပြန်မှုပေးနေပါတယ်။
Honda ဟာ ကပ်ရောဂါဖြစ်ပွားနေချိန်မှာ ဖောက်သည်သစ်တွေ ရရှိရေးကိုဆွဲဆောင်ဖို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် မကြာသေးတဲ့နှစ်တွေအတွင်း ကိုယ်ပိုင်ကားဝယ်ဖို့စိတ်ဝင်စားမှု နည်းပါးတဲ့ ငယ်ရွယ်သူတွေကိုဖြစ်ပါတယ်။