အမေရိကမှာ COVID ကြောင့်သေဆုံးရသူတွေအတွက် အဖြူရောင်အလံတွေ လွှင့်ထူ

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကြောင့် သေဆုံးခဲ့ရသူတွေကို အထိမ်းအမှတ်ပြုပြီး အဖြူရောင်အလံ ၆ သိန်းကျော်ကို လွှင့်ထူ ဆင်ယင်မှုတစ်ခုကို ဝါရှင်တန်က National Mall မှာ သောကြာနေ့က စတင်ခဲ့ပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းကောက်ယူမှုအရ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ COVID-19 ကြောင့် သေဆုံးသူ အများဆုံး ဖြစ်တာကို တွေ့ရပါတယ်။ သောကြာနေ့အထိ အဲဒီအရေအတွက်ဟာ ၆၇၂,၀၀၀ ဦးကို ကျော်လွန်ခဲ့ပါတယ်။
အနုပညာရှင် Suzanne Brennan Firstenberg က အဲဒီဆင်ယင်မှုကို ဖန်တီးခဲ့ပါတယ်။ အလံတစ်ခုဟာ ဒီရောဂါကြောင့် သေဆုံးရသူတစ်ဦးကို ကိုယ်စားပြုပါတယ်။
စိမ်းလန်းတဲ့ကွင်းပြင်ရဲ့ စတုရန်းမီတာ ၈ သောင်းမှာ အလံတွေက နေရာယူထားပါတယ်။
လာရောက်သူတွေဟာ အဲဒီအလံတွေပေါ်မှာ သတင်းစကားတွေ ရေးသားနိုင်ပါတယ်။ သတင်းစကားတစ်ခုမှာ ရေးသားသူက နောက်ဆုံးအကြိမ်လို့သာ သိနိုင်ခဲ့မယ်ဆိုရင် အဲဒီလိုတွေ့ခဲ့တုန်းက ပိုပြီးအချိန်ကြာကြာ ပွေ့ဖက်ထားမိခဲ့မှာပဲ လို့ ရေးထားပါတယ်။
လာရောက်သူ အမျိုးသမီးတစ်ဦးက ဒီအလံတွေနဲ့ ကွင်းပြင်ဟာ ဝမ်းနည်းခြင်းပင်လယ်ပြင်လိုပဲ၊ ဒီလောက်များတဲ့လူတွေ မသေသင့်ဘဲ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။ ဒီရောဂါကြောင့် သူ့ရဲ့ မိတ်ဆွေ ၂ ဦး သေဆုံးခဲ့ရပြီး ဒီလိုဆုံးရှုံးခဲ့ရတာအတွက် အလွန်တရာ နာကျင်ခံစားခဲ့ရတယ်လို့ သူက ပြောပါတယ်။
ကူးစက်မှုမြင့်မားတဲ့ Delta အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ အမေရိကန်ပြည်ထောင်စုမှာ အလျင်အမြန် ကူးစက်ပြန့်ပွားနေပြီး မကြာသေးခင်ရက်တွေတုန်းက တစ်နေ့တာ သေဆုံးသူ အရေအတွက် ၂,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ကာကွယ်ဆေးထိုးတဲ့နှုန်းဟာ COVID-19 ကူးစက်မှု တိုးလာနေတာကို တိုက်ဖျက်နိုင်လောက်အောင် အရှိန်မကောင်းတဲ့ အနေအထား ဖြစ်နေပါတယ်။