IAEA အစည်းအဝေးမှာ အနောက်နိုင်ငံတွေက အီရန်ကို အပြစ်တင်ဝေဖန်

နျူကလီးယားအစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့အတွက် အီရန်နိုင်ငံကို အနောက်နိုင်ငံတွေက အပြစ်တင်ဝေဖန်လိုက်ပါတယ်။

တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ သြစတြီးယားနိုင်ငံ Vienna မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ တီထွင်ထုတ်လုပ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်ကိုယ်စားလှယ်တစ်ဦးက အီရန်ဟာ ရန်စနေတဲ့ ခြေလှမ်းတွေကို ရပ်တန့်သင့်ပြီလို့ ပြောခဲ့ပြီး ၂၀၁၅ နျူကလီးယား သဘောတူညီချက်အရ သတ်မှတ်ထားတဲ့ အဆင့်ထက် အများကြီးကျော်လွန်ကာ သန့်စင်မှု ၆၀ ရာခိုင်နှုန်းအထိရှိတဲ့ ယူရေနီယံ ထုတ်လုပ်နေတာတွေနဲ့ ပတ်သက်ပြီး အီရန်ကို အပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အီးယူကိုယ်စားလှယ်တစ်ဦးက IAEA ရဲ့ စစ်ဆေးရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ သိသိသာသာ လျှော့ချခံခဲ့ရတာကို စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃နှစ်က နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည် ချမှတ်ခဲ့တာကို အီရန်ကိုယ်စားလှယ်က အပြစ်တင်ခဲ့ပါတယ်။
အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မရုပ်သိမ်းသေးသရွေ့ အီရန်ဘက်ကနေ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ချက်တွေ ပြုလုပ်ဖို့ နိုင်ငံတွေအနေနဲ့ မမျှော်လင့်သင့်ဘူးလို့ သူက ပြောခဲ့ပါတယ်။
၂၀၁၅ သဘောတူညီချက်ကို ပြန်လည်ရရှိဖို့ အီရန်နဲ့ အမေရိကန် အကြားက သွယ်ဝိုက်ဆွေးနွေးမှုတွေဟာ ဧပြီလက စတင်ခဲ့ပေမယ့် ဇွန်လ နောက်ပိုင်းမှာ ရပ်တန့် သွားခဲ့ပါတယ်။