CPTPP ကုန်သွယ်ရေးသဘောတူညီချက်မှာ ပါဝင်ဖို့ တရုတ် တရားဝင် လျှောက်ထား

ပြီးပြည့်စုံပြီး တိုးတက်တဲ့ ပစိဖိတ်ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက် (CPTPP) လို့ခေါ်တဲ့ အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်မှာပါဝင်ဖို့ တရုတ်အစိုးရက တရားဝင် လျှောက်ထားခဲ့တယ်လို့ ပြောပါတယ်။

တရုတ် ကုန်သွယ်ရေးဝန်ကြီး Wang Wentao ဟာ နယူးဇီလန် ကုန်သွယ်ရေးဝန်ကြီး Damien O'Connor ဆီ အဲဒီလျှောက်လွှာတင်သွင်းခဲ့တယ်လို့ တရုတ်အစိုးရက ကြာသပတေးနေ့က ပြောခဲ့ပါတယ်။
CPTPP သဘောတူညီချက်ဟာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလက အသက်ဝင်ခဲ့ပါတယ်။ နယူးဇီလန်၊ ဂျပန်၊ ကနေဒါ၊ စင်္ကာပူ နဲ့ တခြားနိုင်ငံ ၇ နိုင်ငံဟာ ဒီသဘောတူညီချက်မှာ ပါဝင်ပါတယ်။
တရုတ်သမ္မတ Xi Jinping က တရုတ်ဟာ ဒီသဘောတူညီချက်မှာပါဝင်ဖို့ စဉ်းစားနေတယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ က ပြောခဲ့ပါတယ်။
အာရှ-ပစိဖိတ်ဒေသတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ဖို့ ကြိုးပမ်းမှု တစ်ခုအနေနဲ့ တရုတ်အစိုးရဟာ CPTPP သဘောတူညီချက်မှာပါဝင်ဖို့ လုပ်ဆောင်နေတယ်လို့ ရှုမြင်ရပါတယ်။ ဒီသဘောတူညီချက်မှာ အမေရိကန် ပြည်ထောင်စု မပါဝင်ပါဘူး။
အမေရိကန်သမ္မတဟောင်း Donald Trump ဟာ CPTPP ရဲ့ ရှေ့ပြေးဖြစ်တဲ့ ပစိဖိတ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (TPP) ကနေ ၂၀၁၇ ခုနှစ်က အမေရိကန်ပြည်ထောင်စုကို နုတ်ထွက်စေခဲ့ပါတယ်။ သူ့ ရာထူးကိုဆက်ခံသူ သမ္မတ Joe Biden က မကြာခင်အချိန်အတောအတွင်း အဲဒီအဖွဲ့ထဲပြန်ဝင်ဖို့ သတိထား ဆောင်ရွက်နေပုံရပါတယ်။
တရုတ်ဟာ သြစတြေလျနိုင်ငံလိုမျိုး CPTPP အဖွဲ့ဝင်နိုင်ငံတချို့နဲ့ ကုန်သွယ်ရေးအငြင်းပွားမှုတွေ ရှိနေတာကြောင့် ဒီအဖွဲ့မှာ ပါဝင်နိုင်ဖို့ လိုအပ်တဲ့ အဆင့်တစ်ခုဖြစ်တဲ့ CPTPP အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့လက်ခံမှု ရရှိနိုင်ပါ့မလားဆိုတာ မရေမရာ ဖြစ်နေပါတယ်။