တရုတ်အိမ်ခြံမြေကုမ္ပဏီကြီး အကြွေးမဆပ်နိုင်တဲ့ အနေအထားကို ကျရောက်ဖွယ်ရှိ

တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အိမ်ခြံမြေလုပ်ငန်း ကုမ္ပဏီဟာ ဒေါ်လာဘီလီယံနဲ့ချီပြီး တင်နေတဲ့ အကြွေးတွေကို ပြန်မဆပ်နိုင်မယ့် အလားအလာရှိနေပါတယ်။

ဒီကုမ္ပဏီရဲ့ဘဏ္ဍာရေးခက်အခဲတွေကနေ တရုတ်နိုင်ငံရဲ့ စီးပွားရေး တစ်ခုလုံး မတည်မငြိမ်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
Evergrande ကုမ္ပဏီအုပ်စုဟာ ဆောက်လုပ်ရေး စီမံကိန်းအများအပြားမှာ ရင်းနှီးမြှုပ်နှံခဲ့ပြီးနောက် အတိုးပေးဖို့ရှိတဲ့ချေးငွေပမာဟာ အမေရိကန်ဒေါ်လာ ၈၉ ဘီလီယံနီးပါး အထိ တိုးလာခဲ့ပါတယ်။ တရုတ်အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းတွေအပေါ် ကန့်သတ်မှုတွေ တင်းကျပ်ခဲ့တဲ့နောက် ပြီးခဲ့တဲ့နှစ်မှာတော့ အဲဒီကုမ္ပဏီရဲ့ အိမ်ခြံမြေလုပ်ငန်းကနေ ရရှိတဲ့ အကျိုးအမြတ်တွေ ကျဆင်းခဲ့ပါတယ်။
အဲဒီကုမ္ပဏီမှာ တစ်ဦးချင်း ရင်းနှီးမြုပ်နှံထားတဲ့သူတွေဟာ တရုတ်နိုင်ငံ တောင်ပိုင်းက Shenzhen မြို့တော် မှာရှိတဲ့ ကုမ္ပဏီရုံးချုပ်ကို တနင်္လာနေ့က စုဝေးရောက်ရှိလာခဲ့ပြီး သူတို့ရရှိရမယ့် အတိုးတွေနဲ့ ချေးထားတဲ့ငွေတွေကို ပြန်ဆပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ မကြုံစဖူး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီကုမ္ပဏီက ဝန်ခံခဲ့ပါတယ်။
ရောင်းအား ဆက်တိုက်ကျဆင်းနေတာကြောင့် ပေးချေရမယ့် အကြွေးတွေ ပြန်မဆပ်နိုင်တဲ့ အနေအထားကို ကျရောက်ဖွယ် ရှိတယ်လို့ Evergrande ကုမ္ပဏီက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ လျှပ်စစ်ကား ဌာနလိုမျိုး ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး လုပ်ငန်းပြန်လည် တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ဘီလီယံနဲ့ချီတဲ့ အမေရိကန်ဒေါ်လာ အခြေခံ ငွေချေးစာချုပ်တွေကိုလည်း Evergrande ကုမ္ပဏီက ထုတ်ရောင်းခဲ့တဲ့အတွက် ဒီကုမ္ပဏီရဲ့ ငွေကြေးအကျပ်အတည်းက ကမ္ဘာတစ်ဝန်းလုံးကို ဂယက်ရိုက်လာနိုင်ပါတယ်။