ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် သုံးစွဲမှုဆိုင်ရာ ရည်မှန်းချက်ကို တိုးမြှင့်ပြီး ဂျပန် မူကြမ်းရေးဆွဲ

ဂျပန်နိုင်ငံမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ် သုံးစွဲမှုရာခိုင်နှုန်း တိုးမြှင့်ဖို့ ရည်ရွယ်တဲ့ နိုင်ငံ့အခြေခံစွမ်းအင် မူဝါဒ မူကြမ်းကို ဂျပန့် စက်မှုလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန် လိုက်ပါတယ်။

၂၀၃၀ ပြည့်နှစ်အတွက် ကာဗွန်ထုတ်လွှတ်မှုပမာဏကို ၂၀၁၃ ဘဏ္ဍာရေးနှစ်တုန်းက ထုတ်လွှတ်တဲ့ ပမာဏရဲ့ ၄၆ ရာခိုင်နှုန်းအထိ လျှော့ချရေး အစိုးရရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ရည်ရွယ်ပြီး အဲဒီမူကြမ်းကို ရေးဆွဲထားပါတယ်။
အဲဒီမူကြမ်းကို အစိုးရရဲ့ ကျွမ်းကျင်ပညာရှင် အဖွဲ့ထံကို ဝန်ကြီးဌာနက တင်ပြခဲ့ပါတယ်။ ၂၀၃၀ ဘဏ္ဍာရေးနှစ်ရဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် သုံးစွဲမှုပမာဏဟာ စုစုပေါင်း သုံးစွဲတဲ့ စွမ်းအင်အရင်းအမြစ်ရဲ့ ၃၆ရာခိုင်နှုန်းကနေ ၃၈ ရာခိုင်နှုန်း အထိ တိုးမြှင့်သင့်တယ်လို့ အဲဒီမူကြမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ သုံးနှစ်က ထုတ်ပြန်ခဲ့ပြီး အခုလက်ရှိ ဆောင်ရွက်နေတဲ့ မူဝါဒထက် ၂၂ ရာခိုင်နှုန်း ကနေ ၂၄ ရာခိုင်နှုန်း မြှင့်တင်ထားတာ ဖြစ်ပါတယ်။
လေစွမ်းအင်နဲ့ နေရောင်ခြည်စွမ်းအင်လိုမျိုး အတက်အကျရှိတဲ့ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတစ်ဦး က ပြောပါတယ်။
ဒီစီမံကိန်းမူကြမ်းအရ နျူကလီးယားစွမ်းအင်ရဲ့ ရာခိုင်နှုန်း ကို ၂၀ ကနေ ၂၂ ရာခိုင်နှုန်းကို ထားရှိပြီး နျူကလီးယား စွမ်းအင်ဟာ စွမ်းအင်အရင်းအမြစ် တစ်ခုအဖြစ် ဆက်လက်အသုံးပြုဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် လက်ရှိမူဝါဒနဲ့အလားတူ အဲဒီမူကြမ်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံသစ်တွေ တည်ဆောက်တာ ဒါမှမဟုတ် လက်ရှိ အဆောက်အအုံတွေကို ပြန်လည် ပြုပြင်မွမ်းမံတာမျိုးတွေ ထည့်သွင်းထားခြင်း မရှိပါဘူး။