အမေရိကန် အကြီးတန်းသံတမန် တရုတ်နိုင်ငံကို သွားရောက်မယ်

အမေရိကန် သံတမန်ရေးရာ နံပါတ်(၂) အဆင့်ရှိသူ တစ်ဦးဟာ အမေရိကန် တရုတ် နှစ်နိုင်ငံအကြား ဘုံသဘောတူညီမှုတွေ ရရှိနိုင်ရေးကြိုးပမ်းဖို့ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Wendy Sherman ဟာ မစ္စတာ Joe Biden သမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်း တရုတ်နိုင်ငံကို သွားရောက်တဲ့ အမေရိကန်ရဲ့ ရာထူးအမြင့်ဆုံး အရာရှိတစ်ဦး ဖြစ်လာမှာ ဖြစ်ပါတယ်။
မီးစ် Sherman ရဲ့ ခရီးစဉ်ထဲမှာ ဂျပန်၊ တောင်ကိုရီးယားနဲ့ မွန်ဂိုးလီးယားနိုင်ငံတွေလည်း ပါဝင်ပါတယ်။ သူဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့တွေ့ဆုံဖို့ တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Tianjin မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေအပေါ် ဆိုက်ဘာ တိုက်ခိုက်မှုတွေ ဆက်တိုက်စီမံပြုလုပ်နေတယ်ဆိုပြီး တရုတ် ခေါင်းဆောင်တွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အပြစ်တင် ဝေဖန်ခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့အကြား နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို တရုတ် ခေါင်းဆောင်တွေအနေနဲ့ နည်းမှန်လမ်းမှန်ဖြေရှင်းဖို့လည်းသူက တိုက်တွန်းခဲ့ပါတယ်။
မီးစ် Sherman နဲ့ မစ္စတာ Wang တို့ဟာ အဲဒီကိစ္စရပ်တွေထဲက တချို့ကို ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးနဲ့ နျူကလီးယားဆိုင်ရာဆွေးနွေးပွဲတွေမှာ ပါဝင်လာစေဖို့ မြောက်ကိုရီးယား အရာရှိတွေကို တိုက်တွန်းရေးစတဲ့ နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်နေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့လည်း ခန့်မှန်းရပါတယ်။