ဒုက္ခသည် အသိအမှတ်ပြုရေးနဲ့ ပတ်သက်ပြီး ဂျပန် ကို UNHCR အကြံပေးမယ်

ဒုက္ခသည်အသိအမှတ်ပြုရေးစနစ် ပိုမိုကောင်းမွန် လာစေဖို့အတွက် ဂျပန်နိုင်ငံဟာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီဆီကနေ အကြံဉာဏ်တောင်းခံဖို့ စီစဉ်နေပါတယ်။

ဂျပန့်လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီ ကော်မရှင်နာ Sasaki Shoko နဲ့ ဂျပန်နိုင်ငံက ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ် Karen Farkas တို့ဟာ ဗုဒ္ဓဟူးနေ့က နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို အခြေခံပြီး လူမျိုးရေး၊ နိုင်ငံရေးသဘောထားနဲ့ တခြား အကြောင်းအရာတွေကြောင့် မိခင်နိုင်ငံကို ပြန်ရင် နှိပ်စက်ညှင်းပန်းခံရနိုင်ဖွယ်ရှိတဲ့ နိုင်ငံခြားသားတွေကို ဂျပန်နိုင်ငံမှာ ဒုက္ခသည်တွေအနေနဲ့ အသိအမှတ်ပြု လက်ခံနေပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒုက္ခသည်လျှောက်ထားသူတွေရဲ့ ၁ ရာခိုင်နှုန်းလောက် ဖြစ်တဲ့ ၄၇ ယောက်ကို ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဒုက္ခသည်အသိအမှတ်ပြုရေး သတ်မှတ်ချက်တွေဟာ အနောက်နိုင်ငံတွေထက် ပိုပြီးတင်းကျပ်တယ်လို့ တချို့က ဆိုပါတယ်။
ဂျပန့် အေဂျင်စီဟာ ဒီသတ်မှတ်ချက်တွေကို ပိုပြီး ရှင်းလင်းအောင်ပြုလုပ်ဖို့ UNHCR ကနေ အကြဉာဏ်တောင်းခံသွားမယ်လို့ နားလည်မှုစာချွန်လွှာမှာ ဖော်ပြထားပါတယ်။
နှစ်ဖက်ပူးပေါင်းလေ့လာမယ့် ကိစ္စရပ်တွေထဲမှာ ဂျပန့် လူဝင်မှုကြီးကြပ်ရေး အေဂျင်စီက ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေခဲ့တာတွေကို UNHCR ကနေ အကြံဉာဏ် ပေးသွားလည်း ပါဝင်ပါတယ်။
ဒီလက်မှတ်ရေးထိုးပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဂျပန် တရားရေးဝန်ကြီး Kamikawa Yoko က ဂျပန်နိုင်ငံရဲ့ ဒုက္ခသည် အသိအမှတ်ပြုရေး စနစ်အပေါ် လူတွေရဲ့ စိတ်ဝင်စားမှု တိုးလာနေတယ်လို့ ပြောခဲ့ပါတယ်။ သူတို့ အေဂျင်စီအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်မှုတွေကတစ်ဆင့် ဒီစနစ်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်လိုတယ်လို့လည်း သူက ပြောခဲ့ပါတယ်။