အိုကီနာဝါက Sakishima ကျွန်းစုအနီး တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာနေ

စနေနေ့အထိအတောအတွင်း တိုင်ဖွန်းမုန်တိုင်း In-fa ချဉ်းကပ်လာမယ်လို့ ခန့်မှန်းရတာကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက Sakishima ကျွန်းစုတွေမှာ နေထိုင်သူတွေအနေနဲ့ လေပြင်းတိုက်ခတ်မှုကို သတိထားကြဖို့ မိုးလေဝသ အရာရှိတွေက သတိပေးနေပါတယ်။

ဂျပန် မိုးလေဝသ အေဂျင်စီက ကြာသပတေးနေ့ ည ၇ နာရီအချိန်မှာ တိုင်ဖွန်းမုန်တိုင်း In-fa ဟာ အိုကီနာဝါ ခရိုင်က Miyako ကျွန်းရဲ့ တောင်-အရှေ့တောင်ဘက် ၁၅၀ ကီလိုမီတာအကွာက ပင်လယ်ပြင်မှာပဲ ဆက်လက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီတိုင်ဖွန်းမုန်တိုင်းဟာ ဗဟိုချက်အနီးမှာ တစ်နာရီကို ၁၄၄ ကီလိုမီတာကျော်အထိ လေတိုက်ခတ်နေပါတယ်။ အချင်းဝက် ၁၃၀ ကီလိုမီတာ အဝန်းအဝိုင်းအတွင်းမှာ လေတိုက်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ ၉၀ ကျော်ရှိနေပါတယ်။
ဒီတိုင်ဖွန်းမုန်တိုင်းအတွင်း အိမ်တွေ လဲပြိုစေနိုင်တဲ့ လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ အရာရှိတွေက သတိပေးနေပါတယ်။
Miyakojima မြို့ Ishigaki မြို့နဲ့ Taketomi မြို့တွေမှာ တိမ်းရှောင်ရေး အမိန့်တွေ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
အဲဒီဒေသထဲမှာ နေထိုင်သူတွေအနေနဲ့ ခိုင်ခန့်တဲ့ အဆောက်အအုံတွေကို တိမ်းရှောင်နေကြဖို့ အရာရှိတွေက တိုက်တွန်းနေပါတယ်။
အဲဒီ ဒေသမှာ လေတိုက်ခတ်မှုဟာ ကြာသပတေးနေ့မှာ တစ်နာရီကို ၁၄၄ ကီလိုမီတာ အထိ၊ သောကြာနေ့မှာ တစ်နာရီကို ၁၆၂ ကီလိုမီတာအထိနဲ့ စနေနေ့မှာ တစ်နာရီကို ၁၄၄ ကီလိုမီတာအထိ အသီးသီးရှိမယ်လို့ ခန့်မှန်းထားပါတယ်။
Sakishima ကျွန်းစုနဲ့ အိုကီနာဝါ ကျွန်းမကြီး တွေမှာ လှိုင်းကြီးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ Sakishima ကျွန်းစု ပတ်လည်က ရေပြင်မှာ ကြာသပတေးနေ့ကနေ သောကြာနေ့အထိအတွင်း လှိုင်းတွေဟာ ၁၁ မီတာထိ မြင့်နိုင်ပြီး လှိုင်းကြီးလေထန်မှုတွေ ပိုဆိုးလာမယ်လို့ခန့်မှန်းရပါတယ်။
ဒီတိုင်ဖွန်းမုန်တိုင်းဟာ နှေးကွေးတဲ့အရှိန်နဲ့ ရွေ့လျားနေတာကြောင့် ဒီဒေသအတွင်း အချိန်အကြာကြာ ကျရောက်နေမှာ ဖြစ်ပြီး တချို့နေရာတွေမှာ မိုးသည်းထန်နိုင်ပါတယ်။ Sakishima ကျွန်းစု မှာ သောကြာနေ့ ၆ နာရီအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၂၅၀ မီလီမီတာ ရွာသွန်းနိုင်တယ်လို့ အရာရှိတွေက ဆိုပါတယ်။ မုန်တိုင်းကြောင့် ဒီရေမြင့်တက်မှု၊ လှိုင်းကြီးမှုနဲ့ လေပြင်းတွေကို သတိထားကြဖို့ နေထိုင်သူတွေကို အရာရှိတွေက သတိပေးနေပါတယ်။