၂၀၃၂ ခုနှစ် နွေရာသီ အိုလံပစ်နဲ့ ပါရာလင်းပစ် အိမ်ရှင်အဖြစ် ဩစတြေးလျနိုင်ငံ ဘရစ်ဘိန်းမြို့ရွေးချယ်ခံရ

၂၀၃၂ ခုနှစ် နွေရာသီ အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ဩစတြေးလျနိုင်ငံ ဘရစ်ဘိန်းမြို့ကို ရွေးချယ်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က တိုကျိုမှာ နိုင်ငံတကာ အိုလံပစ်ကော်မတီက အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဘရစ်ဘိန်းဟာ ဒီအားကစားပွဲ လက်ခံကျင်းပရေးအတွက် တစ်ခုတည်းသော အဆိုပြုခဲ့တဲ့ မြို့ဖြစ်ပါတယ်။
မဲပေးမှုမတိုင်ခင်မှာ မြို့ကိုယ်စားလှယ်အဖွဲ့က နောက်ဆုံးအဆင့် စည်းရုံးတင်ပြမှုကို လုပ်ဆောင်ခဲ့ပါတယ်။ သူတို့အနေနဲ့ ပွဲကျင်းပရေးနေရာတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရှိပြီးသားအဆောက်အအုံတွေကို အသုံးပြုတာလို ရေရှည်တည်တံ့ရေး ပုံစံနဲ့ ကျင်းပမယ်လို့ သူတို့က ဆိုပါတယ်။ ဒါ့အပြင် ဩစတြေးလျ အစိုးရဆီက အပြည့်အဝ ငွေကြေးထောက်ပံ့မယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။
တက်ရောက်လာတဲ့ အဖွဲ့ဝင် ၈၀ ထဲက ၇၂ ဦးက ဒီအားကစားပွဲကို ဘရစ်ဘိန်းက အိမ်ရှင်အဖြစ် ကျင်းပရေးကို ထောက်ခံခဲ့ကြပါတယ်။
ဒါဟာ ဩစတြေးလျမှာ နွေရာသီ အိုလံပစ်ပွဲကျင်းပတာ တတိယအကြိမ်ဖြစ်လာမှာ ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်က မဲလ်ဘုန်းမြို့မှာ၊ ၂၀၀၀ ပြည့်နှစ်က ဆစ်ဒနီမြို့မှာ ဒီအားကစားပွဲတွေကို လက်ခံကျင်းပခဲ့ပါတယ်။