အိုလံပစ် ဖွင့်ပွဲမတိုင်ခင် တစ်ရက်အလိုမှာ နောက်ထပ် ရှုပ်ထွေးမှု ပေါ်ပေါက်လာ

အိုလံပစ် အားကစားပွဲ ဖွင့်ပွဲမတိုင်ခင် တစ်ရက်အလိုမှာ ဖွင့်ပွဲအခမ်းအနား စီစဉ်ညွှန်ကြားတဲ့ ဒါရိုက်တာတွေထဲက တစ်ဦးကို တိုကျိုအားကစားပွဲ စီစဉ်သူတွေက ထုတ်ပယ်ခဲ့ပါတယ်။

မစ္စတာ Kobayashi Kentaro ဟာ ၁၉၉၀ နှစ်ပိုင်းတွေတုန်းက ဟာသဖျော်ဖြေမှု တစ်စိတ်တစ်ဒေသအဖြစ် ဂျူးလူမျိုးတွေကို ဆန့်ကျင်တဲ့ မှတ်ချက်တွေကို ပြုလုပ်ခဲ့တယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။
ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်တဲ့ မစ္စတာ Kobayashi ရဲ့ မှတ်ချက်တွေကို နိုင်ငံတကာ ဂျူးလူမျိုး လူ့အခွင့်အရေးအဖွဲ့အစည်း Simon Wiesenthal Center က အပြစ်တင်ခဲ့ပြီးနောက် အခုလို ဖြစ်လာခဲ့တာပါ။ နာဇီတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသူတွေကို ဘယ်သူမှ သရော်ပိုင်ခွင့်မရှိဘူးလို့ အဲဒီ စင်တာက ဆိုပါတယ်။
အဲဒီ ကြေညာချက်ထဲမှာ Rabbi Abraham Cooper က "ဒီလူက တိုကျိုအိုလံပစ်မှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆက်စပ်နေတာဟာ ဂျူးလူမျိုး ၆ သန်းရဲ့ ခံစားချက်တွေကို စော်ကားတာပဲဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။
အားကစားပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ Hashimoto Seiko က အခုနောက်ဆုံး အရှုပ်တော်ပုံကြောင့် အားကစားပွဲအတွက် အနှောက်အယှက် ဖြစ်စေရတဲ့အပေါ် တောင်းပန်ခဲ့ပါတယ်။ မစ္စတာ Kobayashi ဟာ ပိတ်ပွဲအခမ်းအနားအတွက်လည်း စီစဉ်ညွှန်ကြားမှုကို ကူညီဆောင်ရွက်နေခဲ့ပါတယ်။
သီချင်းရေးဆရာတစ်ဦးဟာ ကျောင်းသားဘဝတုန်းက အတန်းဖော်တွေကို အနိုင်ကျင့်ခဲ့တာကြောင့် အပြစ်တင်ခံခဲ့ရတဲ့အတွက် ဖွင့်ပွဲအခမ်းအနားမှာသုံးမယ့် သူ့ရဲ့ ဂီတလက်ရာကို ဖယ်ရှားဖို့ ဆုံးဖြတ်ပြီးနောက် အခုကိစ္စ ဖြစ်ပေါ်လာခဲ့တာပါ။