နိုင်ငံခြား အားကစားသမားတချို့ တိုကျို အားကစားပွဲတွေကနေ နုတ်ထွက်

ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေတဲ့ အကြောင်းရင်းတွေကြောင့် တိုကျိုအိုလံပစ် အားကစားပွဲတွေကနေ နုတ်ထွက်ကြတဲ့ နိုင်ငံခြား အားကစားသမားတွေ တိုးလာနေပါတယ်။

ကမ္ဘာ့ နံပါတ် ၁ အဆင့် အမျိုးသမီး သေနတ်ပစ် အားကစားသမား Amber Hill ဟာ မိခင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့တဲ့နောက် နုတ်ထွက်ခဲ့တယ်လို့ ဗြိတိန် အိုလံပစ် အဖွဲ့အစည်း (BOA) က ပြောပါတယ်။
BOA ရဲ့ အင်တာနက်စာမျက်နှာမှာ မီးစ် Hill က မှတ်ချက် ရေးသားခဲ့ရာမှာ "၅ နှစ်တာ လေ့ကျင့်မှုနဲ့ ပြင်ဆင်မှုတွေလုပ်ပြီးခါမှ မနေ့ညတုန်းက Covid-19 စမ်းသပ်မှု ပိုးတွေ့တယ်ဆိုတဲ့ ရလဒ်ကို ရခဲ့ပြီး ဗြိတိန် သေနတ်ပစ် အသင်းကနေ နုတ်ထွက်ရတော့မှာမို့ အရမ်းကို ယူကျုံးမရဖြစ်ရပါတယ်" လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့မှာ အမေရိကန် အမျိုးသမီး တင်းနစ်အားကစားသမား Cori Gauff က သူ့မှာ ပိုးရှိတာကို စမ်းသပ်တွေ့ရှိခဲ့ကြောင်းနဲ့ အိုလံပစ်မှာ ပါဝင်ကစားနိုင်တော့မှာ မဟုတ်ကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။
အိုလံပစ်မှာ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြု ကစားဖို့ဆိုတာဟာ သူအမြဲတမ်း အိပ်မက်မက်ခဲ့တဲ့အရာ ဖြစ်ပြီး အနာဂတ်မှာ အခွင့်အရေးတွေ ပိုရှိလာမယ်လို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။
ဩစတြေးလျက Alex de Minaur အပါအဝင် တခြား တင်းနစ် အားကစားသမား တချို့လည်း တိုကျိုအားကစားပွဲတွေဆီကို မထွက်ခွာခင်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့မှာ အမေရိကန် ဘတ်စကက်ဘောအဖွဲ့ချုပ်က အမျိုးသား နိုင်ငံ့လက်ရွေးစင် အသင်းဝင် Bradley Beal ဟာ Las Vegas က လေ့ကျင့်ရေးစခန်းတစ်ခုမှာ ကျန်းမာရေးနဲ့ ဘေးကင်းရေး လုပ်ထုံးလုပ်နည်းတွေအရ အိုလံပစ်ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ Washington Wizards အသင်းက နာမည်ကြီး အားကစားသမားဖြစ်တဲ့ သူ့ရဲ့ အိုလံပစ်မှာ ပါဝင်ယှဉ်ပြိုင်မှုကို အများက မျှော်လင့်နေခဲ့ကြပါတယ်။