ငါးဖမ်းပိုက်ကွန် ပြန်လည်ပြုပြင်အသုံးပြုမှု ပိုများလာရေး ကြိုးပမ်းချက် စတင်

အသုံးမပြုတော့ဘဲ ပစ်ထားတဲ့ ငါးဖမ်းပိုက်ကွန်တွေ ပိုမို ပြန်လည် အသုံးပြုခြင်းအားဖြင့် သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်တွေ လျှော့ချဖို့ အတွက် အထောက်အကူ ဖြစ်စေမယ့် ပူးပေါင်းကြိုးပမ်းမှု တစ်ခုကို ဂျပန်ကုမ္ပဏီတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုက စတင်လိုက်ပါတယ်။

ဒီကြိုးပမ်းမှုကို တရားဝင်ပေါင်းစည်းထားတဲ့ Alliance for the Blue အဖွဲ့ နဲ့ Nippon Foundation တို့က စတင်ခဲ့တာ ဖြစ်ပါတယ်။ Alliance for the Blue အဖွဲ့ထဲမှာ ပလတ်စတစ် ကုန်ပစ္စည်းတွေကို ထုတ်လုပ်တာ၊ ရောင်းချတာ နဲ့ ပြန်လည်အသုံးပြုတာစတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီပေါင်း ၃၀လောက်ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အဲဒီကုမ္ပဏီတွေ စုပေါင်းပြီး ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရာမှာ ကူညီဖို့အတွက် ဖြစ်ပါတယ်။
ငါးဖမ်းပိုက်ကွန်တွေ နဲ့ ကြိုးတွေဟာ အလေးချိန်အားဖြင့် ဂျပန့် ကမ်းရိုးတန်းကို ရောက်လာတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေရဲ့ ၄၀ ရာခိုင်နှုန်းရှိပါတယ်။
ဟော့ကိုင်းဒိုးခရိုင်က ကုမ္ပဏီတစ်ခုဟာ ခရိုင်အတွင်းမှာရှိတဲ့ ငါးဖမ်းလုပ်ငန်း သမဝါယမတွေနဲ့ တခြားသူတွေဆီက ငါးဖမ်းပိုက်ကွန်အဟောင်းတွေကို စုဆောင်းပါတယ်။ အဲဒီငါးဖမ်းပိုက်ကွန်တွေကို တိုကျိုက ကုမ္ပဏီတစ်ခုဆီကို ပို့ပြီး အရည်အသွေးမြင့် ပလတ်စတစ်ကော်စေ့အဖြစ် ပြန်လည် အသုံးပြုပါတယ်။ တခြားကုမ္ပဏီတွေက အဲဒီကော်စေ့တွေကို အဝတ်အထည်တွေနဲ့ ကြယ်သီးတွေ ပြုလုပ်ရာမှာ အသုံးပြုပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Koizumi Shinjiro ဟာ အင်္ဂါနေ့က တိုကျိုမှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဟယောဂို ခရိုင်မှာရှိတဲ့ ကုန်ထုတ်လုပ်ငန်းအဖွဲ့တစ်ဖွဲ့က ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အိတ်တွေကို ခင်းကျင်းပြသခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ ၂၀၂၂ခုနှစ်မှာ ဟော့ကိုင်းဒိုးခရိုင်တစ်ဝန်းက ငါးဖမ်းပိုက်ကွန် တန်ချိန် ၁,၃၀၀ စုဆောင်းသွားဖို့ စီစဉ်ထားပါတယ်။ ဒီပမာဏဟာ ဟော့ကိုင်းဒိုးခရိုင်မှာ နှစ်စဉ် စွန့်ပစ်တဲ့ ငါးဖမ်းပိုက်ကွန်တွေရဲ့ ထက်ဝက်ကျော်ရှိမှာဖြစ်ပါတယ်။