ဂျပန်ဧကရာဇ် ဘုရင်ကြီး အိုလံပစ် ဖွင့်ပွဲအခမ်းအနားကို အဖော်မပါဘဲ တက်ရောက်မယ်

ဂျပန်ဧကရာဇ်ဘုရင်ကြီး Naruhito ဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေရဲ့ ဖွင့်ပွဲအခမ်းအနားကို တခြား တော်ဝင်မိသားစုဝင်တွေမပါဘဲ တက်ရောက်မှာ ဖြစ်တယ်လို့ ဂျပန့် နန်းတွင်းရေးရာအေဂျင်စီက ပြောပါတယ်။

အင်္ဂါနေ့မှာ အဲဒီ အေဂျင်စီက အဲဒီလို ကြေညာခဲ့တာ ဖြစ်ပါတယ်။
တိုကျိုအိုလံပစ်နဲ့ ပါရာလင်းပစ်ရဲ့ ဂုဏ်ထူးဆောင် နာယကအနေနဲ့ ဘုရင်ကြီးဟာ သောကြာနေ့ကျရင် တိုကျိုက အမျိုးသားအားကစားရုံမှာ ပြုလုပ်မယ့် အဲဒီအခမ်းအနား ဖွင့်လှစ်ရေး ကြေညာဖို့ စီစဉ်ထားပါတယ်။
မိဖုရားကြီး Masako ဟာ ဘုရင်ကြီးနဲ့အတူ တက်ရောက်မှာ မဟုတ်ဘူးလို့ အဲဒီ အေဂျင်စီက ပြောပါတယ်။ ဇနီးသည် ဒါမှမဟုတ် ခင်ပွန်းသည် မပါဘဲ ဖွင့်ပွဲ တက်ရောက်ဖို့ တခြား အိုလံပစ်အရာရှိတွေအတွက် စီစဉ်ထားတဲ့အညီ အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုနဲ့ နိုင်ငံတစ်ဝန်း တခြားနေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာနေတဲ့အတွက် ဖွင့်ပွဲအခမ်းအနားအပါအဝင် ပွဲစဉ် အများစုကို ပွဲကြည့်ပရိသတ်မပါဘဲ ကျင်းပမှာ ဖြစ်ပါတယ်။
အရင်က ဂျပန်ရဲ့ အိုလံပစ်ပြိုင်ပွဲတွေမှာ တော်ဝင်မိသားစုဝင်တွေဟာ ကိုယ်တိုင် သွားရောက်ကြည့်ရှုတာမျိုးတွေ လုပ်ခဲ့ပေမယ့် အခုတစ်ကြိမ် အိုလံပစ်မှာတော့ အဲဒီလို လုပ်တာမျိုး ရှိမှာ မဟုတ်ပါဘူး။