COVID ကူးစက်မှုကြောင့် ချီလီ အားကစားသမား အိုလံပစ်ကနေ နုတ်ထွက်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် ချီလီ အားကစားသမားတစ်ဦးဟာ အိုလံပစ်ပြိုင်ပွဲကနေ နုတ်ထွက်မယ်လို့ NHK က သတင်းရရှိခဲ့ပါတယ်။

သူဟာ တနင်္ဂနွေနေ့ရဲ့ ၅၇ ကီလိုတန်း ပွဲစဉ်မှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့တဲ့ အမျိုးသမီး တိုက်ကွမ်ဒို ကစားသမားတစ်ဦး ဖြစ်တယ်လို့ ချီလီ အရာရှိတွေက ပြောပါတယ်။
သူဟာ ၁၀ ရက်ကြာ သီးခြားခွဲနေထိုင်ရမှာ ဖြစ်တဲ့အတွက် အဲဒီလို နုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ အိုလံပစ်ပြိုင်ပွဲတွေမှာ ပါဝင်တဲ့ သူတွေက ပြောပါတယ်။ အားကစားသမားတစ်ဦးအနေနဲ့ တိုကျိုအိုလံပစ်မှာ ပါဝင်ဖို့ ဂျပန်ကို ရောက်လာပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပြိုင်ပွဲမှာ မပါဝင်နိုင်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ချက်သမ္မတနိုင်ငံ ဘော်လီဘောအသင်းရဲ့ နည်းပြတစ်ဦးဟာ အိုလံပစ်ရွာမှာ နေနေစဉ်အတွင်း ဗိုင်းရပ်စ် ကူးစက်မှု ရှိတယ်လို့ စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ သိရပါတယ်။ ဒါဟာ အမျိုးသား ကစားသမားတစ်ဦး ကူးစက်ခံရပြီးနောက် အဲဒီအသင်းက ဒုတိယမြောက် ကူးစက်မှုပဲ ဖြစ်ပါတယ်။ လူ ၁၂ ဦးကို အဲဒီ ၂ ဦးနဲ့ အနီးကပ် ထိတွေ့ဆက်ဆံမှု ရှိသူတွေအဖြစ် သတ်မှတ်ခဲ့တယ်လို့ ပွဲကျင်းပသူတွေက ပြောပါတယ်။
အဲဒီနေ့မှာပဲ ဂျပန်မှာ နေထိုင်တဲ့ စာချုပ်နဲ့ အလုပ်လုပ်နေသူ ၆ ဦးမှာလည်း ဗိုင်းရပ်စ် ကူးစက်မှု ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။
အိုလံပစ်ပြိုင်ပွဲ စီစဉ်သူတွေရဲ့ ထုတ်ပြန်ချက်အရ အခုအချိန်အထိ နိုင်ငံခြားက လာတဲ့သူအပါအဝင် စုစုပေါင်း လူ ၇၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိတယ်လို့ စမ်းသပ်တွေ့ရှိထားပါတယ်။