ဆော့ဖ်ဘောနဲ့ ဘောလုံးအားကစားတွေနဲ့ အိုလံပစ်ပွဲစဉ် စတင်

တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်တဲ့သူတွေအကြားနဲ့ တိုကျိုမြို့အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနေတဲ့တိုင်အောင် တိုကျိုအိုလံပစ်ပွဲစဉ်တွေကို ဗုဒ္ဓဟူးနေ့မှာ စတင်ခဲ့ပါတယ်။

ဆော့ဖ်ဘောနဲ့ ဘောလုံးပြိုင်ပွဲတွေရဲ့ ပထမပွဲစဉ်တွေကို တိုကျိုအိုလံပစ်ပြိုင်ပွဲတွေရဲ့ ဖွင့်ပွဲအခမ်းအနား မကျင်းပမီ ၂ ရက်အလိုမှာ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကုရှီမမြို့က ပရိသတ်မရှိသလောက် ဖြစ်နေတဲ့ အားကစားရုံက အမျိုးသမီး ဆော့ဖ်ဘောပြိုင်ပွဲမှာ ဂျပန်ဟာ ဩစတြေးလျကို ၈ မှတ် ၁ မှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဂျပန်ဟာ အခုအရှိန်အတိုင်း နောက်တစ်ကြိမ် ရွှေတံဆိပ်ဆု ရရှိဖို့ မျှော်မှန်းနေပါတယ်။
၂၀၀၈ ခုနှစ် အိုလံပစ်အားကစားပွဲမှာ နောက်ဆုံးအကြိမ်အဖြစ် ဆော့ဖ်ဘောအားကစား ပါဝင်ခဲ့တုန်းက ဂျပန်ဟာ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။
အဲဒီနေ့ နှောင်းပိုင်းမှာ ပွဲကြည့်ပရိသတ်ကို ဝင်ခွင့်ပြုတဲ့ ခရိုင်အနည်းငယ်ထဲက တစ်ခု ဖြစ်တဲ့ မိယာဂီခရိုင်က အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ တရုတ်နဲ့ ဘရာဇီးလ်တို့ ကစားခဲ့ကြပါတယ်။
ဂျပန်ဟာ ကနေဒါနဲ့ Sapporo မြို့က ပွဲကြည့်ပရိသတ်မရှိတဲ့ ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ ဂျပန်နဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ ပွဲစဉ်မှာ တောင်အာဖရိက အမျိုးသားအသင်း ပါဝင်ယှဉ်ပြိုင်မလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကစားသမား ၂ ဦးမှာ ဗိုင်းရပ်စ် ကူးစက်မှု ရှိတယ်လို့ စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ် ကူးစက်မှု မရှိဘူးလို့ စမ်းသပ်တွေ့ရှိတာ အပါအဝင် အားကစားသမားတွေဟာ သတ်မှတ်ချက် တချို့နဲ့ ကိုက်ညီမှု ရှိရင် အဲဒီအသင်းအနေနဲ့ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
အိုလံပစ်အားကစားရွာအတွင်းနဲ့ အပြင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ အတည်ပြုထားတဲ့အတွက် အိုလံပစ်ဆိုင်ရာ သက်ဆိုင်သူတွေရဲ့ အနီးပတ်ဝန်းကျင်မှာ တားမြစ်ကန့်သတ်ချက်တွေ ဆက်လက် လုပ်ဆောင်ဖို့ အရာရှိတွေက ကြိုးပမ်းနေပါတယ်။