တိုကျိုမှာ COVID ကူးစက်မှုဟာ စိုးရိမ်ဖွယ် အနေအထား ရှိလာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေ သတိပေး

တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ အခုထက် ပိုပြီး ဆိုးဝါးလာရင် ကူးစက်ပြန့်ပွားမှုတွေဟာ စိုးရိမ်ဖွယ် အဆင့်အထိ မြင့်မားလာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့က တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ကို အကြံပြုခဲ့ပါတယ်။

အဲဒီ အကြံပေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ တိုကျိုရဲ့ ဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ သုံးသပ်ချက်ကို သတ်မှတ်ချက် ၄ ဆင့် ရှိတဲ့အထဲက အမြင့်ဆုံးအဖြစ် ဆက်လက် ထားရှိထားပါတယ်။
အင်္ဂါနေ့မှာ ကူးစက်မှု အသစ်တွေရဲ့ ၇ ရက်တာ ပျမ်းမျှ အရေအတွက်ဟာ ၁,၁၇၀ ဦး ရှိပြီး သီတင်းတစ်ပတ် အလိုကထက်စာရင် ၅၀ ရာခိုင်နှုန်း မြင့်မားလာတာ ဖြစ်ပါတယ်။ ကူးစက်မှု တတိယလှိုင်း ကာလကထက် ဗိုင်းရပ်စ်ဟာ ပိုပြီး မြန်မြန်ဆန်ဆန် ကူးစက်ပြန့်ပွားလာနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
တကယ်လို့ ကူးစက်မှုအရှိန်ဟာ ဆက်တိုးလာနေမယ်ဆိုရင် ၇ ရက်တာ ပျမ်းမျှ အရေအတွက်ဟာ လာမယ့် အင်္ဂါနေ့မှာ ၁,၇၄၃ လောက် ရှိလာမှာ ဖြစ်ပြီး နောက်တစ်ပတ်အကြာမှာ ၂,၅၉၈ ရှိလာမှာ ဖြစ်ပါတယ်။ ဒါဟာ ဇန်နဝါရီလတုန်းက တတိယလှိုင်းရဲ့ အမြင့်ဆုံး အရေအတွက် ၁,၈၁၆ ကို အများကြီး ကျော်လွန်နေတာ ဖြစ်ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေက အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး တကယ်လို့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေ ပြန့်ပွားပြီး ကူးစက်မှုနှုန်း မြင့်မားလာခဲ့ရင် ၇ ရက်တာ ပျမ်းမျှ ကူးစက်မှု အရေအတွက်ဟာ သီတင်း ၂ ပတ်အတွင်းမှာ တတိယလှိုင်းရဲ့ အမြင့်ဆုံး အရေအတွက်ကို ကျော်လွန်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့အထိ ဆေးရုံတင်ခဲ့ရသူ ၂,၃၈၈ ဦး ရှိတယ်ဆိုတာနဲ့ တစ်လလောက်အတွင်းမှာ အဲဒီ အရေအတွက်ဟာ နှစ်ဆတိုးလာခဲ့တယ်လို့ သူတို့က ပြောပါတယ်။ အဲဒီအထဲမှာ ရောဂါပြင်းထန်သူ ၆၀ ဦး ရှိပါတယ်။
ကူးစက်မှု အသစ်တွေ ဆက်ပြီး တိုးလာနေရင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ဝန်ပိမှုတွေ ရှိလာမှာ ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ဆေးရုံတက်နေသူ၊ သီးခြားခွဲနေထိုင်ဖို့ စီစဉ်ထားတဲ့ အဆောက်အဦမှာ နေထိုင်သူ ဒါမှမဟုတ် ရောဂါကနေ နာလန်ထူလာအောင် အိမ်မှာ အနားယူနေတဲ့သူတွေကို ဆက်လက် ခြေရာခံတဲ့ စနစ်ကို အမြန်ဆုံး တီထွင်ဖို့ အရေးတကြီး လိုအပ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက အလေးပေး ပြောဆိုခဲ့ပါတယ်။