Cloud ကို အခြေခံတဲ့ ဆက်သွယ်ရေး စင်တာရဲ့ ကုမ္ပဏီကို Zoom ဝယ်ယူမယ်

အွန်လိုင်း ဗီဒီယို အစည်းအဝေး ပြုလုပ်တဲ့ စနစ် Zoom ကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီဟာ ဆက်သွယ်ရေး စင်တာတွေအတွက် cloud ဝန်ဆောင်မှုတွေ ပေးတဲ့ ကုမ္ပဏီတစ်ခုကို ဝယ်ယူဖို့ ရှိပါတယ်။

အဲဒီဝယ်ယူမှုဟာ ကပ်ရောဂါ ပြီးဆုံးသွားလို့ ရုံးဝန်ထမ်းတွေက ရုံးကို ပြန်သွားရတဲ့ အနေအထားမျိုး ဖြစ်လာရင်လည်း Zoom အနေနဲ့ ကုမ္ပဏီရဲ့ သက်ဆိုင်ရာ ဝန်ဆောင်မှုတွေကို ဆက်ပြီး ပေးနိုင်လိမ့်မယ်လိ့ Zoom ကုမ္ပဏီအရာရှိတွေက မျှော်လင့်နေပါတယ်။
California မှာ အခြေစိုက်တဲ့ Zoom Video Communications ဟာ အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလီယံလောက် တန်ဖိုးရှိတဲ့ ရှယ်ယာလဲလှယ်မှုနဲ့ Five9 ကုမ္ပဏီကို ဝယ်ယူမှာ ဖြစ်တယ်လို့ ပြောပါတယ်။
Five9 ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲ အသုံးပြုသူတွေဟာ အိမ်ကနေ အလုပ်လုပ်တဲ့ ပုံစံနဲ့ ဖောက်သည်တွေကို ဆက်သွယ်ပြောဆိုနိုင်ပါတယ်။
Zoom ဟာ သူ့ကုမ္ပဏီရဲ့ အွန်လိုင်း ဗီဒီယို အစည်းအဝေး ပြုလုပ်တဲ့ စနစ်ကို Five9 ရဲ့ cloud ကို အခြေခံတဲ့ ဆက်သွယ်ရေး စင်တာနဲ့ ပေါင်းစည်းပြီး ဝန်ဆောင်မှုတွေကို ပိုပြီး အားကောင်းလာအောင် လုပ်ဖို့ ရည်ရွယ်ပုံရပါတယ်။
ကပ်ရောဂါအတွင်း ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေက အိမ်မှာနေရင်း သက်ဆိုင်သူတွေနဲ့ အချင်းချင်း ဆက်သွယ်ပြောဆိုဖို့အတွက် အွန်လိုင်းဗီဒီယိုအစည်းအဝေးကို အဓိကထား အသုံးပြုလာကြတာကြောင့် Zoom ဟာ တစ်ဟုန်ထိုး နာမည်ကျော်ကြားလာခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိမှာ အမေရိကန် ပြည်သူအများအပြားဟာ ကာကွယ်ဆေးထိုးပြီးပြီ ဖြစ်ပြီး ပုံမှန်အတိုင်း အိမ်ပြင် ထွက်နေကြပါပြီ။
Zoom ရဲ့ ဝယ်ယူမှုဟာ ကုမ္ပဏီအတွက် ရေရှည် အကျိုးစီးပွားကို ထိန်းသိမ်းဖို့ အထောက်အကူ ပြုနိုင်မလားဆိုတဲ့အပေါ် အများက အာရုံစိုက်နေကြပါတယ်။