ဒေသတွင်းထုတ် COVID-19 ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့် ထိုင်ဝမ် အတည်ပြု

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ မလုံမလောက်ဖြစ်နေတဲ့အကြားမှာ ဒေသတွင်း ကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အရေးပေါ်အဖြစ် အသုံးပြုဖို့ ထိုင်ဝမ်အာဏာပိုင်တွေက ခွင့်ပြုလိုက်ပါတယ်။

Medigen Vaccine Biologics က ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကို အသက် ၂၀ နဲ့ အထက်တွေအတွက် အသုံးပြုဖို့ တနင်္လာနေ့မှာ အာဏာပိုင်တွေက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ပရိုတိန်းတွေကို ရောစပ်တဲ့နည်းကို သုံးထားတဲ့ အဲဒီ ကာကွယ်ဆေးဟာ လက်တွေ့စမ်းသပ်မှု တတိယအဆင့်ကို မစတင်ရသေးပါဘူး။
ဒါပေမဲ့ အခုအချိန်အထိ လေ့လာမှုတွေမှာ ဆေးထိုးတဲ့ အကြိမ်အလိုက် ဖြစ်ပေါ်စေတဲ့ antibody ပဋိပစ္စည်း ပမာဏဟာ AstraZeneca ကာကွယ်ဆေးနဲ့ တန်းတူဖြစ်တာကို တွေ့ရတယ်လို့ အရာရှိတွေက ဆိုပါတယ်။ ဘေးကင်းစိတ်ချရမှုနဲ့ ပတ်သက်တဲ့ အကြီးအကျယ် စိုးရိမ်ဖွယ်ရာ တစ်စုံတစ်ရာ မရှိဘူးလို့လည်း သူတို့က ပြောပါတယ်။
ဒီကာကွယ်ဆေးရဲ့ စမ်းသပ်မှု ဒုတိယအဆင့်ကို ပုံမှန်ထက် အရေအတွက်ပိုများတဲ့ လူတွေမှာ လုပ်ဆောင်ခဲ့တယ်လို့ဆိုပြီး တချို့ ကျွမ်းကျင်သူတွေရဲ့ ကန့်ကွက်မှုတွေကို အရာရှိတွေက လျစ်လျူရှုခဲ့ပါတယ်။
အဲဒီ ထိုင်ဝမ် ဆေးထုတ်လုပ်ရေး ကုမ္ပဏီဟာ တတိယအဆင့် လက်တွေ့စမ်းသပ်မှုတွေကို နိုင်ငံခြားမှာ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ ဒီကာကွယ်ဆေးကို နှစ်ကုန်ချိန်အထိကာလအတွင်း အကြိမ်ရေ ၁၀ သန်းကျော်စာ ထုတ်လုပ်သွားဖို့ ဒီကုမ္ပဏီက ရည်ရွယ်ထားပြီး ဖြန့်ဖြူးမှုတွေကို ဩဂုတ်လမှာ လက်ခံရရှိဖို့ရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။
ထိုင်ဝမ်က တခြား ဆေးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဟာလည်း သူတို့ရဲ့ အလားအလာရှိတဲ့ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုမှုအတွက် လျှောက်ထားခဲ့ပါတယ်။
ကိုယ်ပိုင် ကာကွယ်ဆေး အမြောက်အများ ထုတ်လုပ်ဖို့ ထိုင်ဝမ်ရဲ့ ကြိုးပမ်းမှုဟာ အများက ပြောနေကြတဲ့ တရုတ်ရဲ့ "ကာကွယ်ဆေး သံတမန် ဆက်ဆံရေး" ကို တန်ပြန်ဖို့ ဖြစ်ပုံရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။