ဂျပန်နိုင်ငံတွင်း ဝင်ခွင့်ပြုဖို့ နိုင်ငံခြားကျောင်းသားတွေ တောင်းဆို

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့အတောအတွင်း ဂျပန်ပြည်ဝင်ခွင့် ငြင်းပယ်ခံနေရတာအပေါ် ပညာရေးအတွက် ဂျပန်ကို လာဖို့ စီစဉ်နေတဲ့ ဒါဇင်နဲ့ချီတဲ့ လူတွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ကျောင်းတက်ဖို့ စီစဉ်ခဲ့ကြတဲ့ ဂျပန်ပြည်ပက လူ ၆၀ လောက်ဟာ တနင်္လာနေ့က အွန်လိုင်း စုဝေးပွဲတစ်ခုမှာ ပါဝင်ခဲ့ကြပါတယ်။
ဂျပန်မှာ အခြေစိုက်တဲ့ ဂျပန်ဘာသာကျောင်းတွေပါဝင်တဲ့ အုပ်စုတစ်စုက စီစဉ်ခဲ့တဲ့ ဒီပွဲဟာ ဂျပန်အစိုးရဆီက ပြည်ဝင်ခွင့် ခွင့်ပြုချက်ကို မိခင်နိုင်ငံတွေမှာ စောင့်ဆိုင်းနေကြဆဲဖြစ်တဲ့ လူတွေအတွက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို အင်တာနက်မှာတိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် အီတလီ အမျိုးသမီးတစ်ဦးက သူဟာ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီး ဖြစ်ကြောင်းနဲ့ လိုအပ်တဲ့ စည်းမျဉ်းကန့်သတ်ချက်တွေကို လိုက်နာဖို့ အသင့်ရှိတယ်လို့ ပြောခဲ့ပြီး ဂျပန်အစိုးရအနေနဲ့ သူ့ကို ပြည်ဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဂျပန်ကို ပညာသင်ကြားဖို့ လာရောက်တဲ့ လူအရေအတွက် ၄၉,၀၀၀ ရှိတယ်လို့ ဂျပန့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီက ဆိုပြီး အရင်တစ်နှစ်ကထက် ၆၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ အထူးအနေအထားရှိသူတွေကလွဲပြီး ပြည်ဝင်ခွင့်ကို ငြင်းပယ်တဲ့ ဂျပန်အစိုးရရဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေကြောင့် ဖြစ်ပါတယ်။
ပွဲစီစဉ်သူတွေက တက်ရောက်သူတွေရဲ့ သဘောထားတွေကို လူတွေပိုပြီး သိလာစေဖို့ အွန်လိုင်းမှာ ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်။