ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် တရုတ်ကို အမေရိကန် အပြစ်တင်

အမေရိကန်အရာရှိတွေက တရုတ်ကို ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အဲဒီ တိုက်ခိုက်မှုတွေကို တာဝန်မဲ့မှု၊ နှောင့်ယှက်ဖျက်ဆီးမှုနဲ့ မတည်မငြိမ်ဖြစ်စေတဲ့ အပြုအမူတွေလို့ သူကခေါ်ဆိုလိုက်ပြီး တရုတ်ကို အပြစ်တင်ဝေဖန်ထားတဲ့ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရရဲ့ လေ့လာသုံးသပ်သူတွေက ပြုစုထားတဲ့ အစီရင်ခံစာ တစ်စောင်မှာ တရုတ်ရဲ့ထောက်လှမ်းရေး အေဂျင်စီဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ခိုက်မှုလုပ်ဖို့ ဟက်ကာတွေကို ညွှန်ကြားခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီ ဟက်ကာအုပ်စုတွေဟာ မိုက်ခရိုဆော့ဖ် ရဲ့ အီးမေးလ် ဝန်ဆောင်မှုကို အသုံးပြုတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားခဲ့တယ် လို့ သူတို့က ပြောကြားခဲ့ပါတယ်။
ဟက်ကာတွေဟာ လျှို့ဝှက်သတင်း အချက်အလက်တွေကို ရယူဖို့နဲ့ လူတွေဆီက အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ ခြိမ်းခြောက်ငွေညှစ်ဖို့အတွက် ransomware ကို အသုံးပြုခဲ့ပါတယ်။ သူတို့ရဲ့ ပစ်မှတ်တွေထဲမှာ အစိုးရတွေ၊ စစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာ တွေနဲ့ ကမ္ဘာ့ အကြီးဆုံး ကုမ္ပဏီတချို့ ပါဝင်ပါတယ်။
အဲဒီလို ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ တရုတ်အစိုးရ ရှိနိုင်တယ်လို့ သူတို့ယုံကြည်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေကလည်း ပြောကြားခဲ့ပါတယ်။