အမေရိကန်ကာကွယ်ရေး ဝန်ကြီး အရှေ့တောင်အာရှ နိုင်ငံတွေကို သွားရောက်မယ်

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ စင်္ကာပူ၊ ဗီယက်နမ်နဲ့ ဖိလစ်နိုင်ငံတွေကို သောကြာနေ့မှာ သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ကြေညာခဲ့ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ ဖော်ဆောင်ရေးမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက အရှေ့တောင်အာရှကို အရေးပါတဲ့ နေရာအဖြစ် သဘောထားတယ်ဆိုတာကို မစ္စတာ Austin ရဲ့ ခရီးစဉ်က ပြသမယ်လို့ တနင်္လာနေ့မှာ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေစဉ်အတွင်း အဲဒီ ၃နိုင်ငံနဲ့ ဆက်ဆံရေးခိုင်မာစေဖို့ ရည်ရွယ်ထားတယ်ဆိုတာကို အရိပ်အမြွက် ပြောကြားရင်းနဲ့ ဒီခရီးစဉ်ဟာ အဲဒီဒေသတွေအပေါ်မှာထားရှိတဲ့ အမေရိကန်ရဲ့ကတိကဝတ်တွေကို ထင်ဟပ်နေတယ်လို့ အဲဒီ ဌာနက အလေးထား ဖော်ပြခဲ့ပါတယ်။
မစ္စတာ ဘိုင်ဒန် သမ္မတ ရာထူးယူခဲ့ပြီးနောက်ပိုင်း အရှေ့တောင်အာရှကို အစိုးရအဖွဲ့က အရေးပါသူတစ်ဦး သွားရောက်တာဟာ ပထမဆုံး အကြိမ် ဖြစ်လာပါလိမ့်မယ်။
ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပ နိုင်ငံတချို့ လိုမျိုး နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ဦးစားပေးနေတဲ့ သမ္မတ ဘိုင်ဒန်အစိုးရရဲ့ သံတမန်ရေး မူဝါဒတွေဟာ အမေရိကန်မှာ အပြစ်တင် ဝေဖန်ခံနေရပါတယ်။ ဒီခရီးစဉ်က သမ္မတ ဘိုင်ဒန်အစိုးရဟာ အရှေ့တောင်အာရှအပေါ် အလေးထားတယ်ဆိုတာကို ပြသဖို့နဲ့ တရုတ်အပေါ် ဖိအားပေးမှု အရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထားဖွယ်ရှိပါတယ်။